Friday, April 19, 2024

ကမ္ဘောဇဘဏ် ပိုင်ရှင်အပါအဝင် သျှမ်းပြည်တွင် တရားဝင် လက်နက်ကိုင်ဆောင်သူ အရပ်သား ၄ ဦးရှိ

Must read

သျှမ်းပြည်အတွင်း လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ အရပ်သား ၄ ဦး လက်နက် ၅ လက်အား ကိုင်ဆောင်ခွင့်ပြုထားကြောင်း ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့က သျှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် က လွှတ်တော်တွင်း ပြောကြားသည်။

အဆိုပါ လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ အရပ်သား (၄) ဦးသည် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း ၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ဒေါက်တာ စိုင်းခမ်းလှိုင် (တောင်ကြီးမြို့ ဇီဝိတဒါန သံဃာ့ ဆေးရုံအုပ်) နှင့် ကွတ်ခိုင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် (ပြည်သူ့စစ်ခေါင်းဆောင်) ဦးမြင့်လွင် တို့သည် လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ထားသူ များဖြစ်ကြကြောင်း ဆိုပါသည်။

ဒီဇင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်သော ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပင်းတယ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညီလေးချမ်း က လွှတ်တော်တွင်း ကြယ်ပွင့်ပြမေးခွန်း မေးခဲ့ပါသည်။

“ပြည်သူလူထုလုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေး အတွက်မေးတာပါ၊ ပစ္စုပ္ပာန် မှာပဲပြောပြော အနာဂတ်မှာပဲ ပြောပြော ဒီကာလ လက်နက်တွေကိုင်ထားတာ ဂုဏ်သရေရှိတဲ့ ပုဂ္ဂိုလ်တွေ ဆီမှာရှိသလား ၊ ဒါမှမဟုတ် မထင်မှတ်တဲ့သူတွေဆီမှာ ရှိတာလား ဒါတွေ ခွဲခြားနိုင်အောင်လို့ အဲ့သဘောနဲ့ မေးတာပါ” ဟု ပင်းတယ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညီလေးချမ်း က ပြောသည်။

သျှမ်းပြည်နယ် လုံခြံုရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် က လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ ၄ ဦးသည် ဒေါက်တာစိုင်းခမ်းလှိုင် ကိုင်ဆောင်ထားသည့် ပွိုင့် ၃၂ ပစ္စတို တစ်လက်၊ ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) အောင်သန်းထွဋ် ကိုင်ဆောင်ထားသည့် ပွိုင့် ၃၈ စမတ်အမ် ဝီဆင် တစ်လက် နှင့် ပွိုင့် ၃၂ အမေရိကန် သေနတ် တစ်လက် ၊ ဦးအောင်ကိုဝင်း ဆီဇက် ( CZ) ၂၀၇၅ နိုင်းမီလီမီတာ တစ်လက် နှင့် ဦးမြင့်လွင် မှာမူ ဂျာမနီ ပစ္စတို တစ်လက် စုစုပေါင်း သေနတ် (၅) လက် ကိုင်ဆောင်ခွင့်ပြုထားကြောင်း လွှတ်တော်တွင်း ဖြေကြားခဲ့သည်။

ဦးအောင်သန်းထွဋ် မှာမူ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၂) အထူးစစ်ဆင်ရေး အထူးအဖွဲ့မှူး (သျှမ်း နှင့် ကယား ထိန်းချုပ်) တာဝန်ထမ်းဆောင်ဖူးသူ၊ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လောက်ကိုင်မဲဆန္ဒနယ် အမှတ်(၁) မှ သျှမ်းပြည်နယ် လွှတ်တော်အမတ် တစ်ဦးဖြစ်သည်။

သျှမ်းပြည်သည် လက်နက်ကိုင်အဖွဲ့အစည်း အများဆုံး၊ ပြည်သူ့စစ်တပ်အဖွဲ့အများ၊ အစိုးရတပ်မတော် တပ်ရင်း အများဆုံးရှိသည့် ပြည်နယ်ဖြစ်သည်။ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အရပ် သားများအား လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ မည်မျှရှိပြီး ၊ မည်သည့် လက်နက်အမျိုးအစား ဖြစ်ကြောင်းကို သိရှိလိုသည့် ကြယ်ပွင့်ပြ မေးခွန်းမှ နယ်လုံဝန်ကြီးက ထိုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article