Thursday, April 18, 2024

ရေအားလျှပ်စစ်စက်ရုံတည်ရှိရာ ကျိုင်းတောင်းမြို့နယ်ခွဲတွင် အုပ်စုဥက္ကဌတဦး နေအိမ်အတွင်းပစ်ခတ်ခံရ

Must read

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့နယ်ခွဲ ကွန်မုန့်အုပ်စု ဥက္ကဌအား အမည်မသိလက်နက်ကိုင် လူ ၂ ဦးက နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

ပစ်ခတ်ခံရသူ ကျိုင်းတောင်းမြို့နယ်ခွဲ ကုန်းမုန့်အုပ်စုဥက္ကဌ စိုင်းဇင်လျန်း

စက်တင်ဘာလ ၃ ရက် မနက် ၆ နာရီခွဲအချိန်က ကွန်မုန့်အုပ်စုဥက္ကဌ စိုင်းဇင်လျန်း (ခေါ်) လုံးဂျပန်အား အမည်မသိလက်နက်ကိုင်ထားသည့်လူ ၂ ယောက်က ဆိုင်ကယ်တစီးဖြင့် ရောက်ရှိကာ နေအိမ်အတွင်း ၀င်ရောက်ပစ်ခတ်ခဲ့ရာ အုပ်စုဥက္ကဌမှာ ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း သိရသည်။

ကျိုင်းတောင်းဒေသခံ စိုင်းဆေ က – “မနက်စောကြီးရှိသေးတယ်။ ကျနော်တို့အုပ်စုဥက္ကဌ သူ့နေအိမ်ခြံဝင်းထဲက ရေတွင်းမှာရေခပ်နေတုန်း ဆိုင်ကယ်စီးလူ ၂ ယောက်ရောက်လာပြီးတယောက်ကဆိုင်ကယ်မှာစောင့် တယောက်က ၀င်လာပြီး ပစ်ခတ်လို့ ဥက္ကဌနေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်။ ၅ ချက်တောင်ထိတယ်။ ပစ်ခတ်ပြီးတော့ ဆိုင်ကယ်နဲ့ ပြန်ထွက်သွားကြတယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အုပ်စုဥက္ကဌ စိုင်းဇင်လျန်း၏ အလောင်းအား ကျိုင်းတောင်းဆေးရုံသို့ပို့ဆောင်ထားပြီး သဂြိုဟ်မည့်နေ့ကိုတော့မသိရသေးကြောင်း ၊ ပစ်ခတ်မှုလက်သည်ကိုလည်း မသိရကြောင်း ဆွေမျိုးတော်စပ်သူတဦးကပြောသည်။

ကျောင်းဆရာတဦးဖြစ်ခဲ့ဖူးသည် စိုင်းဇင်လျန်း(အသက် ၄၀ ကျော်) သည် ဒေသတွင်း လူငယ်များအား ရပ်ရွာရေး၊မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သူတဦးဖြစ်ပြီး လူမှုရေး ပရဟိတလုပ်ငန်းများတွင်လည်း တက်ကြွစွာပါ၀င်လုပ်ဆောင်ခဲ့သူတဦးဖြစ်ကြောင်းလည်း ဆိုပါသည်။

စိုင်းဇင်လျန်းနှင့် ဆွေမျိုးတော်စပ်သူ ကုန်းမုန့်ဒေသခံ က – “သူက ဘယ်သူနဲ့မှ ကတောက်ကဆလည်း မရှိဖူးဘူး။ ခိုက်ရန်လည်းမဖြစ်ခဲ့ဖူးဘူး။ အများအကျိုးအတွက်သူအမြဲပါ၀င်လုပ်ဆောင်ခဲ့တယ်။ သူက သဘောကောင်းတဲ့လူတယောက်ဖြစ်တယ်။ ဘယ်ရန်ညိုးနဲ့များလာပစ်ခတ်သွားသလဲ မသိပါဘူး။ မကျေနပ်ချက်တွေရှိရင်လည်း အေးအေးဆေးဆေးဆွေးနွေးဖြေရှင်းလို့ရသားဘဲ ” – ဟုပြောသည်။

စိုင်းဇင်လျန်းတွင်လက်ရှိ ဇနီးသည် နန်းကော်နှင့်သား ၂ ဦးကျန်ရစ်ခဲ့ကြောင်းသိရသည်။

ရေအားလျှပ်စစ်စက်ရုံတည်ရှိရာ လင်းခေးခရိုင် မိုင်းပန်မြို့နယ် ကျိုင်းတောင်းမြို့နယ်ခွဲတွင် အစိုးရတပ်မတော် အထူးအခြေချလှုပ်ရှားပြီး စစ်သင်တန်းကျောင်းပင်ဖွင့်လှစ်ထားကြောင်း၊ ပြည်သူ့စစ်စခန်းလည်းရှိကြောင်း၊ မြို့ပြင်ပိုင်းတွင်မူ NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA တပ်ဖွဲ့သွားလာလှုပ်ရှားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article