Friday, April 19, 2024

သီပေါမြို့နယ်တွင် သျှမ်းဗိန္ဒောဆရာ တဦးအား အမည်မသိလက်နက်ကိုင်လူတယောက်ဝင်ရောက်ပစ်ခတ်

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဒေသခံ သျှမ်းဗိန္ဒောဆရာ တဦးအား အမည်မသိ လက်နက်ကိုင် ၂ ဦး က ဝင်ရောက် ပစ်ခတ် ခဲ့ကြောင်း သတင်းရရှိသည်။

ပစ်ခတ်ခံရသည့် ဆရာလုံးဆန်စိုင်း (Photo :Htay Toom Facebook)

သြဂုတ် ၂၈ ရက်နေ့ ည ရ နာရီ က နမ့်လန် ကျူတော ရပ်ကွက်နေ ဆရာ လုံးဆန်စိုင်းသည် မိမိနေအိမ်အတွင်း ဘုရားရှိခိုးနေချိန် အမည်မသိ လက်နက်ကိုင် ၂ ဦး က ဆိုင်ကယ်မောင်းလာကာ နေအိမ်အတွင်းဝင်ရောက် ပစ်ခတ်မှု ပြုခဲ့သည်ဟု နမ့်လန် ဒေသခံ စိုင်းလူ က ပြောပြသည်။

“လူ ၂ ယောက် ဆိုင်ကယ်နဲ့လာတယ်။ တယောက်က ဆိုင်ကယ်ပေါ်ကနေ စောင့်တယ်။ နောက်တယောက်က တော့ အိမ်ထဲဝင်လာပြီး ဆရာလုံးဆန်စိုင်းလား လို့မေးတယ်။ ဆရာက ဟုတ်တယ် လို့ပြောတာနဲ့ ၃ ချက်ဆင့် ပစ်သွားတယ်။ နံရိုး နားမှာ ၂ ချက် နဲ့ ပေါင် ၁ ချက် ထိမှန်သွားတယ်” ဟု စိုင်းလူ က ပြောသည်။

သေနတ်ပစ်ခံရသည့် လုံးဆန်စိုင်းကို နမ့်လန်ဆေးရုံ သို့ ပို့ဆောင် ကုသနေကြောင်း စိုင်းလူ က ပြောသည်။

အဆိုပါ လုံးဆန်စိုင်း သေနတ်ပစ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး နမ့်လန်မြို့ ရဲစခန်းသို့ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့ကလည်း မနက် ၁၀ နာရီ ကျော်အချိန်က စျေးသည် အသက် ၄၀ ကျော် အမျိုးသားနှင့် အမျိုးသမီး ၂ ဦးကို အမည်မသိ လက်နက်ကိုင် ၂ ဦးက ဆိုင်ကယ်ဖြင့် လိုက်လံ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကျင်လည်သည့် နေရာတခုဖြစ်ပြီး၊ ယခုနှစ်အတွင်း သီပေါမြို့နယ် တွင် အရပ်သားများ မကြာခဏ သေနတ်ပစ်ခတ်ရမှုဖြစ်ပွားကာ၊ လာရောက်ပစ်ခတ်သည့် တရားခံများကို တကြိမ်တခါမျှ ဖမ်းဆီးရခြင်းမရှိခဲ့ကြောင်း သီပေါမြို့နယ် ဒေသခံများက ပြောဆိုကြသည်။

Leave a Comments

- Advertisement -spot_img

Latest article