Saturday, April 20, 2024

ငြိမ်းချမ်းရေးမရရင် အရေးသုံးပါးကိုထိတာဘဲ …အရေးသုံးပါးကိုထိတာ ဘယ်သူလဲ…

Must read

(ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကာလတလျှောက်လုံးမှာပါဝင်လုပ်ဆောင်လာသူ  ပြည်ထောင်စုအင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်း၏အမြင်သဘောထား)

ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း

 လာမယ့် စက်တင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့မှာ သျှမ်းပြည်ညီညွတ်ရေးကော်မတီကနေ သျှမ်းပြည်နယ်မြို့တော်တောင်ကြီးမှာပြုလုပ်ဖို့စီစဉ်နေတဲ့အပေါ် လူထုရွေးကောက်ထားတဲ့ အစိုးရကနေခွင့်မပြုကြောင်း NRPC ကနေ CSSU အလှည့်ကျဥက္ကဌဆီကို ဖုန်းဆက်အကြောင်းကြားတယ်လို့သိရပါတယ်။

NRPC ကနေပြီးတော့ ဘာကြောင့် CSSU အစည်းအဝေးလုပ်ခွင့်မပေးတာလဲဆိုတာတော့ မသိရဘူး။ အရင်တခါချိန်းမိုင်မှာလုပ်တုန်းကတော့ စစ်သံမှူးကိုယ်တိုင် စာရေးလက်မှတ်ထိုးပြီးပေးပို့လာတယ်။  NCA လက်မှတ်မထိုးတဲ့ အဖွဲ့တွေပါတယ်လို့ပြောတာဘဲ။ ဒီတခေါက်လည်းအဲလိုဘဲဖြစ်မလားမသိဘူး။

တကယ်တော့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ စစ်ရေးလုပ်တာနဲ့မတူဘူး။ စစ်ရေးလုပ်မယ်ဆိုရင် ငါနဲ့မတူ ငါ့ရန်သူလို့သုံးကောင်းသုံးနိုင်ပါလိမ့်မယ်။ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာက အဲလိုပြောလို့မရဘူး။ အဲဒီတော့ ငြိမ်းချမ်းရေးလုပ်တဲ့နေရာမှာ မင်းဆိုရင် ပိုပြီးတော့အရေးကြီးတာပေါ့ ။ ကျောသားရင်သားမခွဲခြားရဘူး။ ကျောသားရင်သားခွဲခြားလုပ်မယ်ဆိုရင် ဘယ်လိုလုပ်ငြိမ်းချမ်းရေးရမလဲ။

 လက်မှတ်မထိုးရတဲ့လူတွေကတော့ UP တို့ JMC တို့မပါနိုင်ဘူးဆိုတာမျိုးတော့ ဟုတ်တာပေါ့။ သို့ပေမယ့် ဒီ့ပြင်ကဏ္ဍမှာပါ၀င်နိုင်အောင်တော့ ဖွင့်ပေးရမှာပေါ့။ အချက်တခုအနေနဲ့ ကျနော်တို့စဉ်းစားသင့်ပါတယ်။

နောက်တခုကဘာလည်းဆိုတော့ ကျနော်တို့ NCA အခန်း ၁ ထဲမှာပါတယ်။ နိုင်ငံရေးပြသနာကို စစ်ရေးနည်း အင်အားသုံးတဲ့နည်းနဲ့ မဖြေရှင်းဘဲနဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနည်းနဲ့ဖြေရှင်းတဲ့ ယဉ်ကျေးမှုတရပ်ကို ထူထောင်မယ်ဆိုပြီး သတ်မှတ်ထားတာ ၃ နှစ်ရှိပြီ။   ဒီယဉ်ကျေးမှုကို ကျနော်တို့ဒီနေ့ထူထောင်နိုင်ပြီလား။ ဒါကိုကျနော်တို့ ပြန်ဆန်းစစ်ဖို့လိုပါတယ်။

နောက်တခုကျနော်စဉ်းစားမိတာက ကျနော်တို့လူမျိုးတွေက တော်တော်ထူးဆန်းတဲ့ လူမျိုးတွေဖြစ်တယ်။ ငါတို့ဟာဗုဒ္ဓ ဘာသာတွေပါလို့ပြောတယ်။ ဒါပေမယ့် ဗုဒ္ဓအရှင်မြတ်က ဟောကြားတာကိုကျနော်တို့မလုပ်ချင်ကြဘူး။ ဗုဒ္ဓက ငြိမ်းချမ်းရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ယူဖို့သင်ကြားခဲ့တယ်။ ကျနော်တို့က ဗုဒ္ဓသင်ကြားပေးတဲ့နည်းနဲ့မလုပ်ဘဲ တခြားသောနည်းနဲ့လုပ်နေတယ်ဆိုတော့  ငါတို့ဟာ ဗုဒ္ဓဘာသာဝင်တွေလားဆိုတာ ပြန်ပြီးတော့ စဉ်းစားဆင်ခြင်သင့်ပါတယ်။

နောက်တချက်ကလည်းဗိုလ်ချုပ်အောင်ဆန်းဆိုရင်ကျနော်တို့က သိပ်ကြည်ညိုတယ်။ဗိုလ်ချုပ်ကြေးရုပ်တွေ လုပ်တယ်။ တံတားဆောက်တာတောင်မှ ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီးတော့ နာမည်တပ်တယ်။ ဒါပေမယ့်ကျနော်တို့က ဗိုလ်ချုပ်ပြောတဲ့စကားတွေနားထောင်ရဲ့လား– ဆိုတာမေးဖို့လိုပါတယ်။

ဗိုလ်ချုပ်ကပြောခဲ့တယ်။ ခွဲထွက်ခွင့်ဆိုတာပေးရမယ်။ ဒါပေမယ့် သူတို့မခွဲထွက်ချင်အောင်လုပ်ဖို့က ငါတို့ဗမာတွေရဲ့တာဝန်ဖြစ်တယ်။ သူတို့မခွဲထွက်ချင်အောင်ငါတို့မလုပ်နိုင်ဘူးဆိုရင် ငါတို့လောက်ညံ့တဲ့လူ မရှိဘူးကွ ..ဆိုပြီးသူကပြောခဲ့တယ်။

အဲဒီတော့ အခုလုပ်နေတဲ့ကိစ္စကိုကြည့်မယ်ဆိုရင်ခွဲထွက်ချင်အောင်လုပ်တာလား။ မခွဲထွက်ချင်အောင်လုပ်တာလား။ ဆိုတာစဉ်းစားဖို့လိုပါတယ်။

ကျနော့အမြင်မှာ ဒီနည်းနဲ့ လုပ်ရင် ငြိမ်းချမ်းရေးလုပ်ဖို့တော့မလွယ်ဘူး။ ငြိမ်းချမ်းရေးမရဘူးဆိုရင် အရေး ၃ ပါးကိုထိတာဘဲ။ဒီတော့ အရေး ၃ ပါးကိုအောင်မြင်စေချင်တယ်ဆိုရင်တော့ ငြိမ်းချမ်းရေးကိုအောင်မြင်အောင်လုပ်ရမယ်။ ငြိမ်းချမ်းရေးကိုအောင်မြင်အောင်လုပ်ပြီဆိုရင်လည်းဘဲ ကျောသားရင်သားမခွဲခြားဘဲလုပ်ဖို့ လိုတယ်လို့ ကျနော်ပြောချင်ပါတယ်။

 

Leave a Comments

- Advertisement -spot_img

Latest article