Friday, April 19, 2024

ရဲများ၏ မူးယစ်ရှင်းလင်းရေးလုပ်ငန်း လူထုအားရကျေနပ်မှုမရှိသေး သီပေါဒေသခံပြော

Must read

သီပေါမြို့နယ်အတွင်း မူးယစ်ဆေးဝါးသောက်သုံးသူ၊ ရောင်းဝယ်ဖောက်ကားများ၏ တဲများကို ရဲများဝင်ရောက်ဖျက်ဆီးခဲ့သည်နှင့်ပတ်သက်၍ ဒေသခံလူထု အားရကျေနပ်မှုမရသေးကြောင်း ပြောဆိုနေကြသည်။

Photo by Sipaw News

ဩဂုတ်လ ၂၅ ရက်နေ့က သီပေါမြို့နယ် ကုန်းမုံရွာရှိ မူးယစ်ဈေးတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ တဲများကို ရဲများကဝင်ရောက်ဖမ်းဆီးရာ ဆေးရောင်းသူသာဖမ်းမိသည့်အပေါ် ဒေသခံလူထု မကျေမနပ်ဖြစ်နေရခြင်းဖြစ်ပါသည်။

အဲဒီနေရာမှာတဲထိုးပြီး ဆေးသုံးနေကြတာ ကြာလှပြီ။ ရဲတွေက ဝင်မဖမ်းဘူးလေ။ ဆေးသုံးသူတွေကို ဒီတိုင်းလွှတ်ထားတယ်။ အခုတကြိမ်ပါရင် ဝင်ဖမ်းတာ ၂ ကြိမ် ဘဲရှိသေးတယ်။ ကုန်းမုံရွာရဲ့ဒီဘက် သီပေါဘက်မှာလေ။  – ဟု သီပေါဒေသခံ စိုင်းလူ ကပြောသည်။

အဆိုပါ တဲများတွင် နေ့စဉ် စည်ကားနေလျှက်ရှိပြီး ရဲများဖမ်းဆီးမှုမရှိသဖြင့် တဲများမှာ လမ်းဘက်ဘက်ခြမ်းနှင့်ညာဘက်ခြမ်း  ၂ ခြမ်းလုံး တို့တွင်ထိုးထားကြောင်း ၎င်းကဆိုပါသည်။

ကျောက်မဲ အခြေပြု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက လည်း သျှမ်းသံတော်ဆင့်အား ဤသို့ပြောပါသည်။

“အမှန်တော့ ဥပဒေအရ မူးယစ်ဆေးဝါးဖမ်းတာ ရဲတာဝန်ဘဲ။ပြည်သူကလဲ ဥပဒေနဲ့ အညီဖမ်းဆီးခွင့်ပြုထားတာရှိပါတယ်။ပြည်သူကဥပဒေနဲ့အညီဖမ်းဆီးခွင့်ပြုထားတာဟာလဲ ဘောင်ကျဉ်းလွန်းတယ်။ပြည်သူဖက်ကလုပ်ပိုင်ခွင့်ကိုကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်အောင်ဥပဒေပြန်ပြင်သင့်တယ်။ နောက်တချက်က ရဲနဲ့ပြည်သူအချိုးမမျှတာဘဲ။ မျှတာ မမျှတာခဏထား။ ရဲတွေကိုယ်၌က အမျိုးသားရေးအန္တရာယ်ကို တာဝန်သိသိထမ်းဆောင်ဖို့ အဓိကပြုပြင်ပြောင်းလဲပေးရမယ်။ ဘာလို့ဒီလို ပြောရသလဲဆိုတော့ ကျနော့အတွေ့အကြုံအရ မူးယစ်ဆေးဝါးနဲ့ရဲဟာ တနည်းနည်းနဲ့ ပတ်သက်နေလို့ဘဲ။ လစဉ်ကြေး ဆက်ကြေး ယူတာမျိုး သိလျက်နဲ့မသိခြင်ယောင်ဆောင်တာမျိုး ကိုယ်ကျိုးစီးပွားအတွက် ပူးပေါင်းတာမျိုးတွေရှိခဲ့တယ်။ ရှိနေတာကိုသိမြင်နေရတယ်။ မျက်ကွယ်ပြုခြင်းတမျိုးဟာလဲ ပတ်သက်တာဘဲမို့ နေရာအသီးသီးမှာ ဘိန်းရောင်းနေတာ ကျော်ဇော နေရုံမကဘူး တနယ်လုံး တမြို့လုံး တရပ်လုံးသိနေတာ ရောင်းခွင့်ရနေတာ ဘာ့ကြောင့်လဲ။ ရဲကဘာလို့မသိရတာလဲ။ အမှန်တကယ်ရဲကမသိပါဘူးဆိုခဲ့ရင် မသိတဲ့ရဲဟာ ရဲလုပ်ငန်း မလုပ်လို့ဘဲ။ ရဲလုပ်ငန်းမလုပ်တဲ့ရဲကို ဘယ်ပြည်သူကအားကိုးမလဲ။ ယုံကြည်မလဲ။ လေးစားမလဲ။  ရဲကသိမနေပါဘူးဆိုရင်  တရားဥပဒေစိုးမိုးမှု ဟာဘယ်အဆင့်ရောက်သွားပြီလဲဆိုတာတွေးကြည့်ပါ။” – ဟု ၎င်းကပြောသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု  ၊ ဆေးသုံးစွဲမှုများ များပြားလာနေပြီး မူးယစ်ဆေးဝါး တားဆီး ကာကွယ်နှိမ်နှင်းရေး လုပ်ငန်း အဆင့်ဆင့်တွင် ပြည်သူများ၏ ပါဝင်မှုကို မြှင့်တင်နိုင်ရန် ဆုငွေ ချီးမြှင့်ရေး အစီအစဉ်များ၊ အကာအကွယ်ပေးရေး အစီအမံများ၊ သတင်း အချက်အလက် လုံခြုံရေး စနစ်များကို အရှိန် အဟုန် မြှင့်တင်ပြီး ဆောင်ရွက်နေသည်ဟု သမ္မတ ဦးဝင်းမြင့် က ပြောဆိုခဲ့ဖူးသည်။  မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုဆက်တိုက်လုပ်ဆောင်နေသော်လည်းမအောင်မြင်သေးသည်မှာ ၂၀၀ ၈ ဖွဲ့စည်းပုံအတိုင်းဆက်သွားနေသေးသဖြင့်ဖြစ်ကြောင်း လားရှိုးမြို့အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကလည်းထောက်ပြပြောဆိုခဲ့ဖူးသည်။

MANA  ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကဆက်လက်၍-  “မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်လာရင် ပြည်ထဲရေး ရဲအပိုင်းရယ် အုပ်ချုပ်ရေး ထွေအုပ်ပိုင်းရယ်က စစ်အုပ်ချုပ်ရေး လက်ထက်က လောက် တောင် အားထည့်လာတာမတွေ့ရဘူး။ကျနော်တို့ဆိုရင်အောက်ခြေ ရပ်ကွက်နဲ့မြို့နဟ်အုပ်ချုပ်ရေး တွေကိုစည်ူရုံးတင်ပြဆွေးနွေးအကူအညီတောင်းတာတောင် လုံးဝပါမလာဘူး။ သူတို့နဲ့လုံးဝ မဆိုင်သလိုမျိုးနေကြတယ်။ ဒါဟာ တိုင်းပြည်အတွက် အခက်တွေ့အောင် နိုင်ငံရေးကစားနေ တာဘဲ။ဒါ့ကြောင့်မူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်လာရင် ကိနော်ပြောလေ့ရှိတာက စစ်အစိုးရကို လွမ်းတယ်လို့။ ဒါ့ကြောင့် မူးယစ်ဆေးဝါးပြဿနာတခုထဲတင်ကြည့်ရင် နိုင်ငံရေးကစားကွက်ကို မြင်နိုင်တယ်။ဒါတွေဟာ သမိုင်းတွေဖြစ်ကုန်မယ်။မကောင်းဘူးပေါ့။”- ဟုပြောဆိုသည်။

သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က သျှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပေါများနေသည်မှာ နိုင်ငံရေးကြောင့်ဖြစ်ကြောင်း၊ ဖြစ်ပွါးနေသည့်နိုင်ငံရေးပြသနာ မဖြေရှင်း နိုင်သေးသရွေ့ မူးယစ်ဆေးဝါးပြသနာ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ မူးယစ်ဆေးဝါးများအား ခေတ်အဆက်ဆက်အစိုးရ ကနိုင်ငံရေးလက်ကိုင်ဒုတ် အဖြစ်အသုံးပြုနေသောကြောင့် ဖြစ်ကြောင်းဝေဖန်သည်။

Leave a Comments

- Advertisement -spot_img

Latest article