Friday, April 19, 2024

ရန်ကုန်သို့ ၆ လကြာ ယူဆောင်ဆေးကြောလျှော်ဖွတ်သော ညောင်ရွှေစော်ဘွားကြီးဝတ်စုံ ပြန်လည်အပ်နှံ

Must read

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စော်ဘွားကြီးစဝ်ရွှေသိုက်၏ ဟော်နန်း၌ တည်ရှိသော သျှမ်းပြည် စော်ဘွားကြီးများ၏ ဝတ်စုံများကို ရန်ကုန်သို့သယ်ဆောင်ပြီး ဓာတုနည်းဖြင့် ပြန်လည်ထိန်းသိမ်း ပြုပြင်ပြီးနောက် ပထမ တသုတ်အဖြစ် ပြန်လည်ပို့ဆောင်ခဲ့သည်။

ရန်ကုန်သို့ ၆ လကြာ ယူဆောင်ဆေးကြောလျှော်ဖွတ်သော ညောင်ရွှေစော်ဘွားကြီးဝတ်စုံ ပြန်လည်အပ်နှံ ခြင်းအခမ်းအနား

ညောင်ရွှေဟော်နန်းတွင် သျှမ်းပြည်စော်ဘွားကြီးဝတ်စုံ စုစုပေါင်း ၁၃၈ စုံ ရှိသည့်အနက် ပထမကြိမ်အဖြစ် မတ်လ ပထမပတ်က ဝတ်စုံ ၆၉ စုံ ကို ရန်ကုန်အမျိုးသားပြတိုက်သို့ ယူဆောင်လျှော်ဖွတ်ခဲ့ပြီးနောက် သြဂုတ်လ ၁၃ ရက်နေ့ က ဟော်နန်းသို့ပြန်လည် ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။

“ဒါပထမအကြိမ်ထိန်းသိမ်းတာဖြစ်ပါတယ်။ ကျမတို့ ဒီ ၁၃၈ စုံကို တပြိုင်နက် အကုန်လုံးယူသွားလို့ရှိရင် ဒီဟော်မှာ ပြစရာမရှိ ဖြစ်သွားပါမယ်၊ အဲ့ဒီအတွက် ကျမတို့ ဒီဝတ်စုံတွေကို နှစ်ကြိမ်ခွဲပြီးတော့မှ သယ်ယူဆောင်ရွက်တာဖြစ်ပါတယ်။ အခု ၆၉ စုံကို ပထမတစ်သုပ်အနေနဲ့ ဆောင်ရွက်ပြီး တဲ့အထည်တွေကို ကျမတို့ ပြန်လာပို့တာဖြစ်ပါတယ်။ ကျန်တဲ့ ၆၉ စုံကို ဒုတိယအကြိမ် ပြန်ပြီးထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်မှာဖြစ်ပါတယ်။ ဒုတိယကြိမ်သယ်သွားမယ့် ဝတ်စုံတွေသည် ရွှေချည်ထိုးထည်တွေ များနေတယ် ဒီကာလထက်တော့ နဲနဲပိုပြီးကြာနိုင်ပါတယ်။ ဆရာမတို့ မှန်းထားတဲ့ ကာလသည် ဒီ project ကို တစ်နှစ် မှန်းထားတာဖြစ်ပါတယ်။ သျှမ်းပြည်နယ်ထဲမှာရှိတဲ့ စော်ဘွားတွေ အားလုံးရဲ့ ဝတ်စုံတွေ ပါပါတယ်”ဟု အမျိုးသားပြတိုက်( ရန်ကုန်) ညွှန်ကြားရေးမှူး နန်းလောဝ်ငင်း က ပြောသည်။
ပျက်စီးနေသည့် ဝတ်စုံများကို ပိုပြီးမပျက်စီးအောင် လုပ်ငန်းဆောင်ရွက်ရခြင်းဖြစ်သည်။ ထိန်းသိမ်းပြီး မူလပုံစံအတိုင်း ပြန်လည်ထားရှိမည်ဆိုလျှင် ရေရှည်ခံနိုင်မည်မဟုတ် စနစ်တကျ ထားရှိရန် လိုအပ်ကြောင်း ဒေါ်နန်းလောဝ်ငင်း ကပြောသည်။

“ရန်ကုန်အမျိုးသားပြတိုက် ကနေ ဝတ်စုံကို ပြန်လည်ထိန်းသိမ်းပြီး ပါပါ တို့ လက်ထဲ ထိန်းသိမ်းပြီးတဲ့ အထည်တွေ ပြန်လည်လာအပ်ပြီးပေါ့နော်။ အဲ့ဒါ ပါပါ တို့ ဆက်လက်ပြီး မပျက်စီးအောင် ပြန်လည် ထိန်းသိမ်းဖို့က ခက်ခဲတယ်။ ဒီပြတိုက်ထဲက တာဝန်ရှိသူ ၆ ယောက်ပဲရှိတယ်။ ပါပါ တော့ စိတ်ပူတယ် ပညာရှင်တွေလဲ လာပြောသွားတယ်။ စနစ်တကျ ထိန်းသိမ်းရမယ်ဆိုတာ ပါပါ တို့ လူအင်အားအများကြီးလိုအပ်တယ်။ လာရောက် ထိန်းသိမ်းပေးဖို့ ” – ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏ သမီး စဝ်ဟေမာသိုက် ကပြောသည်။

သျှမ်းပြည်နယ်အစိုးရအဖွဲ့၊ ယဉ်ကျေးမှုပြတိုက်(ညောင်ရွှေ)တွင် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ အမျိုးသားပြတိုက်(ရန်ကုန်) မှ တာဝန်ယူဆောင်ရွက်လျှက်ရှိသော စော်ဘွားကြီးဝတ်စုံများအား ဓာတုနည်းဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ပထမအကြိမ်ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ဒီလိုစော်ဘွားကြီးဝတ်စုံရှိတဲ့နေရာကို တစ်နေရာထဲ ပြလို့ရတဲ့ အခွင့်အရေးဟာ တကယ်ဂုဏ်ယူစရာ ကောင်းပါတယ်။ ဘယ်နေရာမှာမှ အဲ့လောက် များများစားစား မတွေ့ခဲ့ဖူးပါဘူး။ တစ်ချို့ ဝတ်စုံတွေ သက်တမ်း ၁၀၀ လောက်ကြာပြီဖြစ်တဲ့ဝတ်စုံတွေ တွေ့ရသလို နှစ်ပေါင်း ၈၀ နီးရှိတဲ့ ဝတ်စုံတွေလဲ တွေ့ရတယ်။ ပထမတစ်ကြိမ်ပြန်လည်ထိန်းသိမ်းတာ ၆ လလောက်ကြာတယ်။ ဒီ ဒုတိယကြိမ်တော့ ကျနော်တို့ မှန်းထားတာ အနည်းဆုံး ၈ လလောက်ကြာမယ်။ ဒီတခါယူသွားမှာက ချည်ထည်တွေ ထိုးထားတဲ့ ဝတ်စုံတွေ များတော့ အချိန်တော့ယူရမယ်” လက်ထောက်ညွှန်ကြားရေးမှူး အမျိုးသားပြတိုက် ရန်ကုန် မှ ဦးကျော်ရှင်နောင် ကပြောသည်။

သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သည့် ညောင်ရွှေဟော်နန်းတွင်း၌ နန်းတွင်းအသုံးအဆောင်ပစ္စည်း စုစုပေါင်း ၂၇၀ ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article