စစ်ကြောင်းနှင့်အတူ ၃ ရက်ကြာဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ကျောက်မဲဒေသခံ ၁၆ ဦး အာမခံချက်ဖြင့်ပြန်လွှတ်ပေး

0

အစိုးရတပ်မတော်၏ စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသော သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လော့အုပ်စုဒေသခံ ၁၆ ဦးအား ရပ်မိရပ်ဖများနှင့်ကျားခေါင်းပါတီ လွှတ်တော်ကိုယ်စားလှယ်မှ သွားရောက်အာမခံ မှုဖြင့်ပြန်လွှတ်ပေးခဲ့ပြီဖြစ်ကြောင်းသိရသည်။

Photo Credit to The 2nd session Hluttaw affairs – SNLD

အဆိုပါရွာသားများအား အစိုးရစစ်ကြောင်းက သြဂုတ်လ ၅ ရက်နေ့ကဖမ်းဆီးခဲ့ပြီး ၈ ရက်နေ့ မှပြန် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်စိုင်းထွန်းဝင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“ဖမ်းသွားတာမဟုတ်ပါဘူးတဲ့။ အဲဒီရွာသားတွေထဲမှာများ သူပုန်ကို ထောက်ခံတဲ့သူတွေရှိမှာစိုးလို့ စစ်ကြောင်းနဲ့အတူခေါ်သွားတာပါတဲ့။ ကျနော်တို့ရောက်သွားပြီး သူပုန်တွေနဲ့မပတ်သက်ပါဘူး။ သာမာန်ရွာသားတွေပါလို့ အာမခံလို့ သူတို့ပြန်လွှတ်ပေးတယ်။ ရိုက်တာနှက်တာတော့မရှိပါဘူးလို့ ရွာသားတွေပြောတယ်။ ” – ဟု စိုင်းထွန်းဝင်းကပြောသည်။

ကျောက်မဲ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက စကခ အမှတ် ၁ G- 1 ဗိုလ်မှူးကြီး အောင်နိုင်ထူးထံ ညှိနှို်င်းပြီး သက်ဆိုင်ရာ စစ်ကြောင်းမှူးနှင့် သွားရောက်တွေ့ဆုံကာ အာမခံချက်ဖြင့်ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း SNLD ၏ လွှတ်တော်ဆိုင်ရာ ဖေ့စ်ဘု စာမျက်နှာတွင်ဖော်ပြထားသည်။

အဖမ်းခံရသည့်ရွာသားများမှာ ပန်လော့အုပ်စု ပိန်းနင်ရွာသား ၁၁ ဦးနှင့် အက်ကြီးရွာသားက ၅ ဦး တို့ဖြစ်ကြောင်း ၊ သြဂုတ်လ ၅ ရက်နေ့က ၄င်းတို့အား စစ်ကြောင်းနှင့်အတူဖမ်းဆီး ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်းသိရသည်။

“ဖမ်းတဲ့နေ့က ပိန်းနင်ရွာမှာထားတယ်။ ရ ရက်နေ့ အက်ကြီးရွာကိုခေါ်လာပြီး ဟိုင်းကွီအုပ်စု ပန်ကျန်ရွာ မှာ ထားတယ်။ ကျောက်မဲစကခ ၁ ရဲ့ ခမရ ၅၀၁ က ဖမ်းတာ။ ဖမ်းတဲ့နေ့က စစ်ကြောင်းက အင်အား ရ၀ လောက်ရှိတယ် ။ အဲ့မတိုင်ခင်က ပိန်းနင်ရွာအဝင်မှာ သူတို့စစ်ကြောင်း မိုင်းနင်းမိတယ်။ ၂ ယောက်သေတယ်။အဲတာနဲ့ ရွာသားတွေကို၀င်ခေါ်သွားတာဘဲ ။ ရွာသားတွေအရိုက်မခံရဘူးဆိုတာက ၂ ယောက် ၃ ယောက်တော့ အကန်ခံရတယ်လို့ပြောနေကြတယ် ”- ဟု ပန်လော့အုပ်စုသား စိုင်းလှ က လည်း သျှမ်းသံတော်ဆင့်အားပြောသည်။

မည်သည့်အဖွဲ့က မိုင်းထောင်ထားမှန်းမသိသော်လည်း အဆိုပါဒေသတွင် အစိုးရတပ်ဖွဲ့၊ တအာင်းတပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့လှုပ်ရှားပြီး ၄င်းတို့အပြင် ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA လည်း ရံဖန်ရံခါ ရောက်ရှိလှုပ်ရှားကြောင်း သိရသည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here