Friday, April 19, 2024

နမ့်လန်တွင် ပြောင်းရောင်းပြီးရွာအပြန်လင်မယားအား သေနတ်သမားက စောင့်ကြပ်ပစ်ခတ်

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်အုပ်စုတွင် ပြောင်းများရောင်းချပြီးအပြန် ရွာသား ၂ ဦးအား အမည်မသိဆိုင်ကယ်သမားကလိုက်လံပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

ကျည်ရှသွားသောလုံးစန်းသြ၏လက်

နမ့်လန်သို့ပြောင်းသွားရောင်းချပြီးအပြန် နောင်ဝိုးရွာသား ဆိုင်ကယ်စီးလင်မယား ၂ ယောက်အား နမ့်လန်နှင့်မန်လီကြားတွင် ဆိုင်ကယ်နှင့်သေနတ်သမား ၂ ဦးက စောင့်ကြပ်ပစ်ခတ်ခြင်းဖြစ်ကြောင်း နမ့်လန်ဒေသခံ ကုန်သည်တဦးက ပြောသည်။

“အပစ်ခံရသူက လုံးစန်းသြ အသက် ၄၂ နှစ်၊ သူ့မိန်းမက ပါစန်းမြ။ နမ့်လန်နဲ့ ၅ မိုင်လောက်အကွာမှာ သူတို့ကို လူ ၂ ယောက်ကစောင့်ပစ်တာ။ လုံးစန်းသြလက်မှာထိရှသွားတယ်။ သူ့မိန်းမ ကတော့ ခါးမှာကျည် ရှပ်ထိသွားတယ်။နောင်ဝိုးရွာသားတွေလေ။အခု နမ့်လန်ဆေးရုံမှာ။သူ့မိန်းမ ခွဲစိပ်ခန်းကနေမထွက်လာသေးဘူး ”- ဟု နမ့်လန်ဒေသခံကုန်သည် အိုက်စိုင်းက ပြောသည်။

လုံးစန်းသြသည် နောင်ဝိုးအုပ်စုအုပ်ချုပ်ရေးအဖွဲ့ စာရေးဖြစ် ခဲ့ဖူးကြောင်း သိရသည်။

သေနတ်သမားသည် ပစ်ခတ်ပြီးနောက်ဆိုင်ကယ်စီးထွက်သွားကြောင်း၊ ၄င်းတို့ လင်မယားထံမှ မည်သည့်ပစ္စည်းမှလုယက်သွားခြင်းမရှိကြောင်း၊ ပျောက်ကျားဘောင်းဘီဝတ်ဆင်ထားသော သေနတ်သမားအား မည်သူမှန်း မသိရကြောင်း လူနာက ပြောသည်ဟု အိုက်စိုင်းက ပြောသည်။

သီပေါမြို့နယ်နှင့်ကျောက်မဲမြို့နယ်အတွင်း ချောင်းမြောင်းပစ်ခတ်မှုများမကြာခဏဖြစ်ပွါးလျက်ရှိရာ ပြီးခဲ့သည့် စနေနေ့ သြဂုတ်လ ၄ ရက်နေ့ကလည်း မန်လီရွာတွင် အစိုးရတပ်မတော်၏ တပ်သားမိသားစုအား အမည်မသိလူတစုကချောင်းမြောင်းပစ်ခတ်ခဲ့သည့်အမှုဖြစ်ပွါးခဲ့သေးသည်။ ပစ်ခတ်မှုများတွင် ပစ်ခတ်မှုလက်သည်ကိုမူ ဖမ်းဆီးရမိခြင်းမရှိခဲ့ပေ။

Leave a Comments

- Advertisement -spot_img

Latest article