ထမ့်လုံဂူတွင်းပိတ်မိ တောဝက် ၅ ကောင် ထိုင်းနိုင်ငံသားကတ်ရရှိ

0

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့နယ် ထမ့်လုံခွန်နမ့်နန်းနောန်းဂူအတွင်းမှာ ၁၀ ရက်ခန့်အကြာပိတ်မိခဲ့သော မယ်ဆိုင်မြို့မှ အထက်တန်းကျောင်းသား မူပါဘော်လုံးအသင်း ၁၃ ဦးအနက် ၄ ဦးနှင့် ဂူအတွင်းပိတ်မိခြင်း မရှိသော ဘော်လုံးအသင်းသားတဦး စုစုပေါင်း ၅ ဦးအား ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေးခဲ့ပြီး ထိုင်းနိုင်ငံသားမှတ်ပုံတင်အား တရားဝင် ပေးအပ်ခဲ့ကြောင်းသိရသည်။

Photo Credit to Thairat

သြဂုတ်လ ၈ ရက် ယနေ့မနက်ပိုင်းက မူပါဘော်လုံးအသင်း ကျောင်းသားလေးများ၏ ဘော်လုံးနည်းပြ မစ္စတာအိတ်ကဖွန်းအပါအဝင်၊ အင်္ဂလိပ်ရေငုပ်သမားနှင့် စစတွေ့ချင်းအပြန်အလှန်စကားပြောခဲ့သော ခရစ်ယာန်ဘာသာဝင် ၀ လူမျိုးကျောင်းသားလေးအဒွန်းဆာမ်အွန်၊ ဂူအတွင်းမှ ပထမဆုံးထုတ်ယူခြင်းခံရ မွန်းခုံးပွန်းပိမ် နှင့် ကျောင်းသားလေး ဖွန်းချိုင်းခမ်းလုံ ၊ ဂူအတွင်းပိတ်မိခြင်းတွင်မပါ၀င်သော်လည်း မူပါဘော်လုံးအသင်းဝင်တဦးဖြစ်သည့် ဆုဖကစ် ပရကိုင်ဟုံ တို့အား ထိုင်းနိုင်ငံအစိုးရ မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက ထိုင်းနိုင်ငံသားကတ် တရားဝင်ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါကျောင်းသားလေးများမှာ ထိုင်းနိုင်ငံအတွင်းမွေးဖွားခြင်းသက်သေအထောက်အထားများရှိသူများဖြစ်ပြီး ထိုင်းနိုင်ငံသားဖြစ်ခွင့်ဥပဒေ ပုဒ်မ ရ နှင့် ဥပဒေပုဒ်မ ၂၃ တို့နှင့်ကိုက်ညီသဖြင့် နိုင်ငံသားဖြစ်ခွင့် ပေးခြင်း ဖြစ်ကြောင်း ၊ ၄င်းတို့ ၅ ဦးအပါအဝင် အဆိုပါဥပဒေများနှင့်ကိုက်ညီသော အသက် ၁၈ နှစ်အောက် ကလေးများ စုစုပေါင်း ၃၀ ဦးကို နိုင်ငံသားလက်မှတ်ပေးအပ်ခြင်းဖြစ်ကြောင်း မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး မစ္စတာဆူမ်ဆတ် ခနာခမ်းက သတင်းစာရှင်းလင်းပြောဆိုခဲ့သည်။

မူပါအကယ်ဒမီကျောင်းသားဘော်လုံးအသင်း ၁၃ ယောက်သည် ဇွန်လ ၂၃ ရက်ညနေပိုင်းက မယ့်ဆိုင်မြို့ ထမ့်လုံဂူအတွင်းဝင်သွားခဲ့ပြီး မိုးသည်းရေကြီးမှုကြောင့်ဂူမှထွက်မရဘဲ ၁၀ ရက်ကျော်အကြာပိတ်မိခဲ့ပါသည်။ ထိုင်းအစိုးရ၏ နေဗီဆီးလ်တပ်ဖွဲ့အပြင် ပြည်တွင်းပြည်ပမှ ရေငုပ်ကျွမ်းကျင်ပညာရှင်၊ ကယ်ဆယ်ရေးကျွမ်းကျင်ပညာရှင်များ၊ ဒေသတွင်းလူထုမှ တတ်စွမ်းသလောက်တတ်သိပညာရှင်များ စုစုပေါင်းအင်အား ၁၀၀၀ ကျော်သည် ဂူတွင်းမှကလေးများအသက်ရှင်လျက်ပြန်လည်လွတ်မြောက်လာစေရန်အတွက်တတ်နိုင်သည့်ဘက်မှ ကူညီရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။ ကလေးများအား ဇူလိုင်လ ၁၀ ရက်နေ့တွင် ဂူမှအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပါသည်။

ထိုင်းအစိုးရသည် ၂၀၁၇ ခုနှစ်နှစ်ဆန်းပိုင်းကစပြီး ထိုင်းနိုင်ငံအတွင်းမွေးဖွားသည့် မည်သည့်ကလေးမဆို သက်သေအထောက်အထားနှင့်တကွ နိုင်ငံသားဖြစ်ခွင့်တောင်းဆိုပါက စီစစ်ပြီး ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမည်ဖြစ်ကြောင်း ယမန်နှင့် တရားဝင်ကြေငြာခဲ့ပါသည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here