Tuesday, April 23, 2024

မိုးဆက်တိုက်ရွာသဖြင့် ချောင်းဘေးနေ လားရှိုးဒေသခံ ၂၀၀ ကျော်ရေဘေးသင့်၊ လယ်ယာမြေအများအပြားနှစ်မြုပ်

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းသဖြင့် နမ့်ယော်ချောင်းရေလျှံတက်ကာ ချောင်းအနီး နေထိုင်သည့် ဒေသခံ ၂၀၀ ကျော် ရေဘေးသင့်နေသည့်အပြင် လယ်ယာမြေဧကပေါင်းများစွာလည်း ရေနှစ်မြှုပ်နေကြောင်းသိရသည်။


လားရှိုး-နမ္မတူအသွားလမ်းရှိ အီနိုင်းကျေးရွာ နှင့် လားရှိုးကြီး နယ်မြေစု အမှတ် ၂၀ တို့တွင် နမ့်ယော်ချောင်းရေကြီးကာ ကားလမ်းရေကျော်မှု၊ ရပ်ရွာနေအိမ်များရေလွှမ်းမိုးမှု ကြုံနေရသဖြင့် ဒေသခံ ၂၀၀ ကျော် မှာ ဘုန်းတော်ကြီးကျောင်းများသို့ ခိုလှုံနေရသည့် အပြင် နမ့်ယော်ချောင်းဘေးရှိ လယ်ယာမြေအများအပြား ရေလွှမ်းမိုးသည့်အတွက် များစွာ ပျက်ဆီးဆုံးရှုံးနိုင်နေသည်ဟု ဒေသခံများ ပြောပြချက်အရသိရသည်။

“အီနိုင်းလုံကျောင်းနဲ့မြအောင်စည်ဘုန်းကြီးကျောင်းတွေမှာသွားပြီးခိုလှုံနေတာ ၁၀၀ ကျော်ရှိပါတယ်။ ကုန်းပိုင်း ၊ မြို့ပိုင်းမှာရှိတဲ့ အမျိုးတွေဆီကိုသွားပြီးခိုလှုံနေတာလည်းရှိတယ် ” – အီနိုင်းရွာသို့ ကွင်းဆင်း သတင်းယူသည့် သျှမ်းသံတော်ဆင့်သတင်းထောက် နန်းဆိုင်ဟွမ်ကပြောသည်။

ရေဘေးသင့် လူထုအား ယမန်နေ့က လားရှိုးမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရင်ငြိမ်းအေး ပရဟိတအဖွဲ့က သွားရောက်အားပေးကာကူညီထောက်ပ့ံမှုများပေးခဲ့ကြောင်းသိရသည်။

ဒေသခံများသွားလာ ရေး ပစ္စည်းများ ကူသယ်ရေးအတွက်လားရှိုးမြို့နယ် ပရဟိတအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့် တပ်မတော်တို့မှလည်းဖြည့်တင်းကူညီမှုပေးနေကြောင်း သိရသည်။

“ဒေသခံတွေရဲ့ လယ် အများအပြားမြုပ်ပါတယ်။ တချို့လည်း ကောက်စိုက်ပြီးပြီ။ တချို့လည်း မစိုက်ရသေးဘူး။ ဇူလိုင်လ ၃၀ ရက်နေ့က ချောင်းရေစ မြင့်လာပြီးတော့ ၃၁ ရက်နေ့မှာ လယ်ယာမြေတွေထဲ ရွာတွေထဲကို ရေတွေဝင်လာတာ။ ဒီနေ့ပါရင်လယ်တွေရေမြုပ်နေတာ ၃ ရက်ရှိပြီလေ။” – ဟု လားရှိုးမြို့နယ် ကျားခေါင်းပါတီဥက္ကဌ စိုင်းအောင်က ပြောသည်။

အီနိုင်းရွာမှာ လယ်ထွန်စက် ၆ စီးရေထဲမြုပ်နေတာ ယူလို့မရဘူး။ အိမ်မွေးတိရိစ္ဆာန်နဲ့လူတွေသေကြေပျက်စီးတာတော့မရှိဘူး- ဟု အီနိုင်းအုပ်ချုပ်ရေးမှူး စိုင်းအောင်မြင့်က သျှမ်းသံတော်ဆင့်အားပြောသည်။

အီနိုင်းရွာသားများအပြင် လားရှိုးမြို့တွင်း ရပ်ကွက် ၁၂ နယ်မြေ ၂၀ တွင်လည်း ချောင်းရေလျှံမှုကြောင့်ရေ ဘေးသင့်ဒေသခံ ၁၆၀ ကျော်မှာနီးစပ်ရာဆွေမျိုးများထံ သွားရောက်ခိုလှုံနေကြကြောင်း၊ ချောင်းတလျှောက်ရှိ မိုင်းတင်၊ ပိန်းလောင်း၊ ၀မ့်ပိန်း၊ ၀ိန်းထန်၊ နောင်မို ရွာများလည်း လယ်ယာမြေများ ရေလွှမ်းသဖြင့်ပျက်စီးဆုံးရှုံးရကြောင်း သိရသည်။

ပြီးခဲ့သည့် စနေနေ့ကလည်း လားရှိုးမြို့တွင်မိုးသည်းရေကြီးမှုကြောင့် ကားတစီးရေထဲမျောပါသွားရာ လူ ၁ ဦးသေဆုံးခဲ့သည်။

အစိုးရ၏ ပြန်ကြားရေးဌာနကမူ တိုင်းဒေသကြီးနှင့်ပြည်နယ်(၈)ခုတွင် ဇူလိုင်လအတွင်း ရေကြီးနစ်မြုပ်မှုများကြောင့် လူဦးရေစုစုပေါင်း (၂၃၉,၂၁၃)ဦး ရေဘေးသင့်ခဲ့ပြီး ယင်းတို့အနက် လူဦးရေ (၁၁၉,၁၉၁)ဦးမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့အထိ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေကြရကြောင်း ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article