Saturday, April 20, 2024

အာဇာနည် ခေါင်းဆောင် တဦးဖြစ်တဲ့ မိုင်းပွန်စော်ဘွားစဝ်စံထွန်းဟော် ပြန်လည်ပြုပြင်ပေးသင့်

Must read

“ မိုင်းပွန်ဟော်နန်းကို တွေ့တွေ့ချင်း မျက်ရည် ကျချင် သလို ဖြစ်ခဲ့တယ်” လို့ ဝမ်းနည်းစွာနဲ့ သျှမ်းလူငယ် တဦးဖြစ်တဲ့ စိုင်းဆိုင်မောဝ် က ပြောပါတယ်။

မိုင်းပွန်ဟော်နန်း

စိုင်းဆိုင်မောဝ် ဟာ ယခုလ (ဇူလိုင် ၁၃) ရက်နေ့တွင် မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း ရဲ့ လေ့လာသူ တယောက် နေဖြင့် ရောက်ရှိခဲ့သူတဦးပါ။

မိုင်းပွန် ဟော်နန်းရဲ့ လှေကားတွေ၊ ဟော်ရဲ့ ကြမ်းခင်းတွေဟာ ပျက်စီးနေပြီး၊ ဟော်နန်း အဆောင် ကတော့ ယိုင်နဲ့နဲ့ ဖြစ်နေကြောင်း စိုင်းဆိုင်မောဝ် တွေ့မြင်ခဲ့တာတွေ ပြန်လည် ပြောပြပါတယ်။

မိုင်းပွန် ဟော်ရဲ့ ကြမ်းခင်းတွေဟာ ပျက်စီးနေ

မိုင်းပွန်စော်ဘွား စဝ်စံထွန်း ဟာ ဇူလိုင် ၁၉ ရက်နေ့မှာ ကျဆုံးခဲ့တဲ့ အာဇာနည် ၉ ဦးထဲ က တဦး အပါအဝင် ဖြစ်ပါတယ်။

၁၉၄၇ ခုနစ် ဇူလိုင်လ ၁၉ ရက်နေ့က အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ နဲ့ အတူ တိုင်းပြု ပြည်ပြု ကိစ္စရပ်တွေ ဆွေးနွေးနေစဉ် ဂဠုန် ဦးစော ရဲ့ အပေါင်းအပါ တွေ လက်ချက်နဲ့ လုပ်ကြံခံခဲ့ရပါတယ်။

ထိုချိန်မှာ စော်ဘွားကြီး စဝ်စံထွန်း က ပခုံးမှာ ဒဏ်ရာ ၂ ချက်သာ ရရှိခဲ့ပြီး အခြေအနေ မစိုးရိမ်ရ လူနာ အဖြစ်ဆေးရုံ မှာ ဆေးကုသမှု ခံယူခဲ့ပြီး ဇူလိုင် ၂၀ ရက်နေ့ မွန်းတည့် ၁၂နာရီ မှာ ကွန်လွန်ခဲ့ရပါတယ်။

ကွယ်လွန်ချိန် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ဟာ အသက် ၄၀ သာ ရှိပါသေးတယ်။

စော်ဘွားရဲ့ ရုပ်ကလောပ်ကို ရန်ကုန်မှ မိုင်းပွန်ထိ မီးရထား၊ ကားအဆင့်ဆင့်သယ်ယူလာကာ သျှမ်းရိုးရာဓလေ့ထုံးစံအတိုင်း အသုဘ အခမ်းအနားပြုလုပ်ကာ သဂြိုဟ်ခဲ့ပါတယ်။

အရိုးပြာတစ်ဝက်ကို ရန်ကုန်အာဇာနည်ကုန်းမှာမြုပ်နှံခဲ့ပြီး ကျန်တစ်ဝက်ကိုတော့ မိုင်းပွန်မြို့တောင်ဘက်ရှိ စော်ဘွားများအဆက်ဆက်ဂူသင်္ချိုင်းမှာ မြုပ်နှံခဲ့ပါတယ်။

“ဟော်နန်းထဲမှာ ကောင်းကောင်းထိန်းသိမ်းထားတယ်ဆိုတာ ပလ္လင် ပဲရှိတယ်။ကျန်တဲ့ အမိုး အဆောင်တွေက ဆောင်းကုန်ပြီ။ ပျက်ကုန်ပြီ” လို့ စိုင်းဆိုင်မောဝ် က ဆိုပါတယ်။

မိုင်းပွန် စော်ဘွားစဝ်စံထွန်းရဲ့ ဟော်နန်းကို ဧည့်သည်တွေ အနေဖြင့် ဟော်နန်း ရှေ့မျက်နှာစာ လှေကားထစ်မှ တက်ကာ စော်ဘွား ပလ္လင် ရှေ့တဝိုက်မှာသာ လည်ပတ်ခွင့်ရခဲ့တယ်လို့ သွားရောက်လည်ပတ်ခဲ့တဲ့ စိုင်းဆိုင်မောဝ်က ပြောပြပါတယ်။

ဟော်နန်း ရဲ့ ကွင်းပြင်ထဲမှာလည်း ဟော်နန်း အဆောက်အဦး အပြင် အိမ် ၂ လုံး ဆောက်ထားတာ ကို တွေ့မြင်ခဲ့ရကြောင်းလည်း သူ က ဆိုပါတယ်။

“ မြင်မြင်ချင်းတော့ မိုင်းပွန်သားတွေ မထိန်းသိမ်းကြဘူးလားဆိုပြီး စိတ်မကောင်းဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် ဘုန်းကြီးတွေဦးဆောင်ပြီးဟော်နန်း ပြန်ပြင်ထိန်းသိမ်းဖို့ လုပ်နေတယ်လို့ ပြောကြပါတယ်” လို့ စိုင်းဆိုင်မောဝ်က ပြောပါတယ်။

မိုင်းပွန်စော်ဘွား စဝ်စံထွန်း ဟာ လွတ်လပ်ရေး အတွက် အသက်ပေးသွားကြတဲ့ အာဇာနည် ၉ ဦး ချင်း အတူတူ၊ အားလုံးရဲ့ ပူးပေါင်း ပါဝင်မှု မရှိခဲ့ရင် ယနေ့ထိ လွတ်လပ်ရေး ဆိုတာ ရှိမယ် မဟုတ်ကြောင်း လည်း သျှမ်း တိုင်းရင်းသားလူငယ်တွေ က ပြောဆိုကြပါတယ်။

မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း နေထိုင်ခဲ့တဲ့ ဟော်နန်း နဲ့ ပတ်သတ်ပြီး သျှမ်း အမျိုးသမီး အရေး ဆောင်ရွက်နေတဲ့ နန်းမွေနွမ်ဟွမ် က “ ပြုပြင်သင့်တယ်။ ဗိုလ်အောင်ဆန်း တယောက်တည်း လုပ်ကြံခံရတာမဟုတ်ဘူး။ တိုင်းရင်းသားတွေရဲ့သမိုင်းအထင်ကရဖြစ်တဲ့နေရာ ဟော်နန်းတွေကိုပြုပြင်မွမ်းမံပေးသင့်တယ်” လို့ ပြောပါတယ်။

သျှမ်းပြည်နယ် မှာ အာဇာနည် ခေါင်းဆောင် လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုကို လာစိုက်ပြီး၊ သျှမ်းတိုင်းရင်းသားတွေ ခေါင်းဆောင် ဖြစ်တဲ့ မိုင်းပွန် စော်ဘွားရုပ်ထုကို မြန်မာလူမျိုး အများစု နေထိုင်တဲ့ နေရာ သွားစိုက်ထူရင် ဘယ်လို ခံစားရမလဲ ဆိုပြီး နန်းမွေနွမ်ဟွမ် က ပြောပါတယ်။

“ မြန်မာပြည်မှာသမိုင်းအစစ်အမှန်တွေကိုဖုံးကွယ်ထားလို့ လူငယ်တွေကသမိုင်းအမှန်ကိုမသိရဘူး။ နိုင်ငံတော်အစိုးရကနေ တိုင်းရင်းသားတွေရဲ့ သမိုင်းဖြစ်နေရာ ဟော်နန်းတွေကိုပြုပြင်မွန်းမံဖို့ တွန်းအားပေးရမယ် budget ပေးရမယ်” လို့လည်း သူမ က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

သျှမ်းစော်ဘွားတွေရဲ့ဟော်နန်းတော်ဟာ သမိုင်းအမွေအနှစ်တွေဖြစ်သလို တိုင်းပြည် နဲ့ လူမျိုးရဲ့ တန်ဖိုးထား ထိန်းသိမ်းရမယ့် အမျိုးသားရေး အသွင်ပြင် လက္ခဏာ တွေလည်း ဖြစ်ပါတယ် လို့ သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ( SNLD ) ပါတီ အဖွဲ့ဝင် လူငယ် တဦးဖြစ်တဲ့ စိုင်းကျော်သီဟ က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး ဦးနေဝင်း စစ်အာဏာရှင်လက်ထက်ကစပြီး ပဒေသရာဇ် ဆိုတဲ့ခေါင်းစဉ်တပ်ကာ နည်းအမျိုးမျိုးဖြင့် ဖျက်ဆီး ဖျောက်ဖျက်ခဲ့ကြောင်း ၊ ကိုယ်ကျိုးနဲ့ ပြည်ထောင်စုကို ကိုယ့်လူမျိုးတမျိုးတည်းမောင်ပိုင်စီး စိုးမိုးခြယ်လှယ်နိုင်ဖို့ သမိုင်းကိုဖျောက်ဖျက်ခဲ့ကြောင်း စိုင်းကျော်သီဟ က သူ့အမြင်ကို ပြောပြပါတယ်။

ဆက်လက်ပြီး “ အခုထက်ထိလဲ သျှမ်းစဝ်ဖှတို့ရဲ့သမိုင်းဝင်ဟော်နန်းတွေက အမေ့လျော့ခံ လစ်လျူရှုခံ အခြေအနေတွေများနေပါသေးတယ်။အထူးသဖြင့် ဗိုလ်ချူပ်အောင်ဆန်းတို့နဲ့ အတူအသက်ပေးလိုက်ရတဲ့ အာဇာနည်ခေါင်းဆောင်တဦးဖြစ်တဲ့ စဝ်ဖှမိုင်းပွန်ရဲ့ဟော်ဟာ အခု အမေ့လျော့ခံ ဖြစ်နေတာ ဝမ်းနည်းစရာကောင်း ပါတယ်” လို့ စိုင်းကျော်သီဟ က ဆိုပါတယ်။

မိုင်းပွန်စော်ဘွားဟာ အသတ်ခံရတဲ့အာဇာနည်ခေါင်းဆောင်တွေထဲမှာ သျှမ်းအမျိုးသားတွေကိုအဓိက ကိုယ်စားပြု သူမို့ သျှမ်းတို့ရဲ့အမျိုးသားခေါင်းဆောင်လို့ပြောလို့ရကြောင်း ၊ ဒါ့ကြောင့် မျိုးဆက်သစ်လူငယ်တွေအတွက် မိုင်းပွန်စော်ဘွား နေထိုင်ကြီးပြင်းခဲ့တဲ့ဟော်နန်းနဲ့ အသုံးဆောင်ပစ္စည်းတွေ ၊ ပါဝင်ပတ်သတ်ခဲ့ရတဲ့ နိုင်ငံရေး စာရွက်စာတမ်းတွေ နိုင်ငံရေး ဖြတ်သန်းမှု တွေ ကို လူငယ် မျိုးဆက် သစ်တွေ အတုယူစရာ လေ့လာစရာ အဖြစ် ရှိနေဖို့ လိုအပ်ကြောင်းလည်း သူက ထောက်ပြပါတယ်။

“ ဗိုလ်ချုပ်အောင်ဆန်းတဦးတည်းကိုဘဲ ကွက်ပြီး အရောင်တင်နေတာမျိုးမဟုတ်ဘဲ တခြားအာဇာနည် ခေါင်းဆောင်တွေ အားလုံးကိုလဲ မျှမျှတတမြင်ကြဖို့ အမြင်ပေးဖို့လဲလိုပါတယ်။မဟုတ်ရင် ပြည်ထောင်စုကို စုစည်း တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေရဲ့မျှော်မှန်းတဲ့ Federal ပြည်ထောင်စုပုံစံနဲ့ ဝေးသထက်ဝေးပြီး ပဋိပက္ခတွေ ရှည်ကြာသထက်ရှည်ကြာသွားပါလိမ့်မယ်” လို့လည်း စိုင်းကျော်သီဟ က မှတ်ချက်ပြုလိုက်ပါတယ်။

တိုင်းရင်းသားတွေ ရဲ့ ရင်ထဲမှာ ရှိတဲ့ တန်ဖိုးထားတဲ့ ခေါင်းဆောင်တွေကို ဗမာတိုင်းရင်းသားတွေ တန်ဖိုးထားတဲ့ ဗိုလ်ချုပ် အောင်တန်း နည်းတူ အသိအမှတ် ပြုပေးသင့်ကြောင်း သျှမ်းလူငယ်တွေ က ပြောဆိုလိုက်ပါတယ်။

စော်ဘွားနေခဲ့တဲ့ ဟော်နန်းတွေကိုလဲ ဘတ်ဂျတ်တစ်ခုထားပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းပေးသင့်ကြောင်း၊ ဟော်နန်းတွေကသာ သမိုင်းတစ်ခုအနေနဲ့ နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းနိုင်မှာ လေ့လာနိုင်မယ့် နေရာတခု ဖြစ်ကြောင်း သျှမ်း လူငယ်တွေက တောင်းဆိုကြပါတယ်။

“ မိုင်းပွန်စော်ဘွားရဲ့ ပလ္လင်တွေ အဆောက်အဦးတွေ၊ အသုံးအဆောင်တွေကို ရှေ့ ဟောင်း မူမပျက် ပြန်ပြုပြင်၊ ထိန်းသိမ်းသင့်ပါတယ်” လို့ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ဟော်နန်းကို လေ့လာသူ အနေနဲ့ ရောက်ခဲ့တဲ့ စိုင်းဆိုင်မောဝ် က မှတ်ချက်ပြုလိုက်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article