Saturday, April 20, 2024

ပင်လုံညီလာခံဒုတိယရက် သျှမ်းပြည်အလယ်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေတထောင်ကျော်ထိတိုး

Must read

၂၀၁၈ ဇူလိုင်လ ၁၂ ရက် နေပြည်တော်တွင် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယရက် ဆက်ကျင်းပနေချိန် သျှမ်းပြည်တပ်မတော် RCSS/SSA အား တိုက်ခိုက်ရန် အစိုးရတပ်မတော် စစ်ရေးတိုးမြင့်လှုပ် ရှားမှုကြောင့် သျှမ်းပြည်တောင်ပိုင်းလွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်က စစ်ဘေးရှောင်ဦးရေများ တထောင်ကျော်ထိတိုး များလာနေသည်ဟု သိရသည်။

ကုံးဇုံကျောင်းတိုက်က စစ်ဘေးရှောင်များ (Photo: SSM)

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA အား နယ်မြေကျူးကျော်လှုပ်ရှားသည်ဟု တပ်မတော် မှ ဒုတိယ ဗိုလ်မှူးကြီး မြတ်ထွန်းဦး မှ စွပ်စွဲသည့်နောက် ပိုင်း တပ်မတော်မှ အင်အားဖြည့်ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု ၀င်ကျေးရွာများ၊ တုံလောဝ်ကျေးရွာအုပ်စုဝင်ကျေးရွာများ၊ ဟမ်းငိုင်းကျေးရွာအုပ်စုဝင်ကျေးရွာများမှ ဒေသခံ တထောင်ကျော် နေရပ်မှ စွန့်ခွါနေရခြင်းဖြစ်သည်။

လဲချားနဲ့ ကျေးသီးက ကျားခေါင်းပါတီ ကုံးဇုံကျောင်းတိုက်က စစ်ဘေးရှောင်များအားသွားရောက်ကူညီမှုပေးပုံ (Photo:SSM)

စစ်ဘေးရှောင်များအား သွားရောက်ကူညီသည့် ကျေးသီးမြို့ပြည်နယ် လွှတ်တော်အမတ် စိုင်းစံမင်း က – စစ်ဘေးရှောင်သူတွေရဲ့ စာရင်းတွေ ကျနော်တို့ လိုက်ကောက်တယ်၊ ကျောင်းပိတ်ထားရတဲ့ ကျောင်းနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ စာရင်းတွေကို ကျနော်တို့လိုက်ကောက်ထားတာရှိတယ်။ ဒီနေ့ကျနော် တို့ကျေးသီး နဲ့ လဲချား ကျားခေါင်းပါတီက စစ်ရှောင်တွေကိုသွားကူတယ် – ဟု ပြောသည်။

လက်ရှိတွင် ၀မ်နားလေ ကျောင်းတိုက်တွင် စစ်ဘေးရှောင် ၂၀၀ ကျော်၊ လုံစံ ကျောင်းတိုက်တွင် ၂၅၀ ကျော်၊ စက်တော်ကျောင်းတိုက်တွင် ၄၀၀ ကျော် ၊ ကုံးဇုံကျောင်းတိုက်တွင် ၁၀၀ ကျော် ၊ ကျေးသီးမြို့ သုဝဏ္ဏဟုန်း ထမ်း ကျောင်းတိုက်တွင် ၂၀ ခန့်နှင့် ဆွေမျုိးရှိရာ ကျေးသီးမြို့ဘက်၊ မိုင်းကိုင်မြို့ဘက်၊ ပန်ကေတု၊ တုံလောဝ်း ၊ နမ့်လန် သို့တွင်လည်းသွားရောက်ခိုလုံနေကြရသည်ဟု သိရသည်။

‘ဒီကနေ့ကျနော်တို့ ကူညီဖို့သွားတယ်။ တချို့နေရာမှာ ၀င်လို့မရဘူး။ လေယာဉ်လဲ လာဝဲတယ်ဒီနေ့။ ကျေး လက်ရွာသူရွာသားတွေ စိုက်ပျိုးချိန် ရွေးပြီး တိုက်ခိုက်တယ်။ ဘာဖြစ်လို့ နိုင်ငံရေးနည်းနဲ့ မဆွေးနွေးကြ တာလဲ လူထုဘဲဒုက္ခ ရောက်တယ် – ဟု ကူညီကယ်ဆယ်ရေးအဖွဲ့မှ စိုင်းအွတ် ကပြောသည်။

အဆိုပါဒေသအတွင်း အစိုးရတပ်မတော်မှ မိုင်းပန်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု (စကခ) အမှတ် ၁၇ လက်အောက်ခံတပ်ရင်းများ၊ ကျောက်မဲအခြေစိုက် စကခ ၁ လက်အောက် ခံတပ်ရင်းများ အပြင် မြောက် ပိုင်း ဒေသ တွင်တိုက်ပွဲဝင်နေသည့် တပ်မ ၃၃ လက်အောက်ခံတပ်ရင်းများလည်း အင်အားဖြည့် လှုပ်ရှားလာ နေသည်ဟု စစ်ရေးအခြေအနေ စောင့်ကြည့်နေသည့် ဒေသခံ အကြီး အကဲတဦးက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article