Thursday, April 25, 2024

ကျောက်မဲမြို့နယ်အတွင်း တရုတ်ပို့မည့် နွားတင်ကား ပစ်ခတ်ခံရ ယာဉ်မောင်းတဦးသေ

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တရုတ်ပြည်သို့တင်ပို့မည့် နွားတင်ယာဉ်တစီး ပစ်ခတ်ခံရကာ ယာဉ်မောင်းတဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ကျောက်မဲမြို့နယ် ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်းက ပြောသည်။

ကျောက်မဲမြို့နယ် ပန်တင်ရွာအနီး ရင်ခွဲတောင်မှပစ်ခတ်ခံရတဲ့ တရုတ်ပြည်ပို့မည့် နွားတင်ကား (ဓါတ်ပုံ- ဦးတင်မောင်သိန်း)

“ ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်း ရ နာရီလောက်က တရုတ်နိုင်ငံ တင်ပို့မယ့် နွားအကောင် ၂၀ တင်လာတဲ့ ၁၂ ဘီးကား တစီး ကို ကျောက်မဲမြို့ နယ် ပန်တင်ကျေးရွာ အုပ်စု ရင်ခွဲတောင်မှာ အမည်မသိ လက်နက်ကိုင် လူ ၂ ယောက်က ချောင်းမြောင်း ပစ်ခတ်လို့ ကားသမား တဦး သေသွားတယ်။ ယာဉ်မောင်းက ဝဲဘက်ရင်ညွှန့် ကျည်ဆန် ၂ချက်ထိတယ်။ ယာဉ်နောက်လိုက်တော့ ဘာမှ မဖြစ်ဘူး” ဟု ဦးတင်မောင်သိန်း က ဆိုသည်။

ယခုရက်ပိုင်း တရုတ်နိုင်ငံသို့ တင်ပို့မည့် နွားကားများ ကျောက်မဲမြို့နယ် အတွင်း မကြာခဏ ချောင်းမြောင်း ပစ်ခတ်ခံရပြီး ကားသမား နှင့် ယာဉ်နောက်လိုက်များ ကျည်ထိမှန်မှု ဖြစ်ပွားကြောင်း၊ အပစ်ခံရသည့် နွားတင်ကားများသည် တရားဝင် အခွန်ဆောင်ပြီး တရုတ်ပြည်သို့ တင်ပို့နေသည့် နွားကားများဖြစ်ကြောင်းလည်း ဦးတင်မောင်သိန်းက ထပ်မံပြောသည်။

“ အရင်မှောင်ခို သွားတဲ့အချိန်က အဲ့လိုပစ်ခတ်မှုတွေ မကြားရဘူး။ တရားဝင် အခွန်ဆောင် ကုမ္ပဏီနဲ့ သွားမှ ပစ်ခံရလို့ ကား သမားတွေ သေကြေဒဏ်ရာရတာတွေဖြစ်ရတယ်။ စဉ်းစားစရာပါပဲ ” ဟု ဦးတင်မောင်သိန်းက ဆိုပြန်သည်။

ယခုနှစ်အတွင်း ကျောက်မဲမြို့နယ် သီပေါမြို့နယ် အတွင်းတွင် အရပ်သားများ သေနတ်ပစ်သတ်ခံရခြင်း၊ နွားတင်ကားများ ပစ်ခတ်ခံရခြင်းများရှိခဲ့သော်လည်း မည်သည့် အဖွဲ့အစည်းမှ ပစ်ခတ်သည်ကို လက်ရှိ အချိန်ထိ စုံစမ်းစစ်ဆေးပေးခြင်း မရှိသေးကြောင်း သီပေါမြို့နယ် ဒေသခံများက ပြောကြသည်။

“ အခုနှစ်အတွင်း သီပေါ နဲ့ကျောက်မဲအတွင်းမှာ အရပ်သား ၊ ကားသမားတွေ မကြာခဏ သေနတ်ပစ်ခံရတယ်။ ဘယ်အဖွဲ့ ဆိုတာလဲမသိရဘူး။ အခု ကိုယ့်လုံခြုံရေး ကိုယ်ဘဲတာဝန်ယူနေရတယ်” ဟု သီပေါမြို့ ဒေသခံ အမျိုးသားတဦးက ပြောသည်။

ယခုနှစ်ဇွန် ၁၂ ရက်နေကလည်း တရုတ်ပြည်ပို့မည့်နွားများတင်သည့်ကား တစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်း တဦးနှင့် ယာဉ်နောက် လိုက် တဦး ဒဏ်ရာရခဲ့ကြောင်း၊ ဇွန် ၂၉ ရက်နေ့တွင်လည်း နွားတင်ကားထပ်မံပစ်ခတ်ခံရကာ ယဉ်ေမောင်းနှင့် ယာဉ်နောက် လိုက် ဒဏ်ရာ ရခဲ့ကြသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း အစိုးရ တပ်မတော်၊ ရဲတပ်ဖွဲ့ နှင့် အစိုးရ တပ်မတော်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေအပြင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ သျှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) တို့ လှုပ်ရှားနေသည့် နေရာဖြစ်ကြောင်း သိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article