Wednesday, April 24, 2024

လားရှိုး-သိန္နီ လမ်းတွင် တပ်မတော်ယာဉ်တန်း ချိန်ကိုက်မိုင်းထိမှန် နှစ်ဦးဒဏ်ရာရ

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ် အတွင်း ယနေ့မနက် ၁နာရီခွဲဝန်းကျင်တွင် လားရှိုးမှ လောက်ကိုင်သို့ တက်မည့် တပ်မတော် ယာဉ်တန်းများကို အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ချိန်ကိုက်မိုင်းထောင်ဖောက်ခွဲခဲ့ရာ တပ်သားတဦးနှင့် အမျိုးသမီးငယ်တဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

အစိုးရတပ်မှလျှောက်ပစ်သဖြင့် လူနေအိမ်များအားထိမှန်သော ကျည်ခွံများ

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၉ ရက် မနက် ၁ နာရီခွဲ ဝန်းကျင်တွင် စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဌာနချုပ် စကခ ၁၂ ကော့ဂရိတ်လက်အောက်ခံ ခလရ ၂၃၀ နှင့် ခမရ ၅၄၇ မှ ရိက္ခာတင်ယာဉ်တန်း ၁၉ စီးသည် လားရှိုး မြို့မှ လောက်ကိုင်မြို့သို့ အသွား နမ့်အွန်ကျေးရွာ (ရေပူဂိတ်အနီး) တွင် ခေတ္တ ရပ်နားစဉ် အမည်မသိ လက်နက် ကိုင် အဖွဲ့မှ ချိန်ကိုက်မိုင်း ထောင်ကာ ဖောက်ခွဲခဲ့သည် ဟု စစ်တပ်နှင့်နီးစပ်သည့် သိန္နီမြို့ခံတဦးကပြောသည်။

သီန္နီမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဦးခမ်း က- “ အစိုးရတပ် ယာဉ်တန်းအိပ်နေချိန် ရီမု နဲ့ မိုင်းကို လာဖောက်သွားတာလို့ပြောတယ်။ လက်သည်ကိုတော့ ကျနော်တို့လည်း မသိဘူး။ နံပတ် ၁၄ ကားက တပ်သား တဦး ထိမှန်သွားတယ်။ ပါးစပ်မှာထိတယ်။ အဲ့မှာ တပ်က အလန့်တကြား နဲ့ သေနတ်တွေ နဲ့ပြန်ပစ်တော့ အနီးအနားက လူနေအိမ်တွေနဲ့အမျိုးသမီးငယ်တဦးကို သေနတ်ထိမှန် သွားတယ် ” ဟု စိုင်းဦးခမ်း က ဆိုသည်။

အဆိုပါယာဉ်တန်းမှ တပ်သားများက ပစ်ခတ်လိုက်သည့် အတွက် နမ့်အွန်ကျေးရွာ(ရေပူရွာ)က ဆေးခန်း အသစ် နှင့် နေအိမ် ၁ လုံး ထိမှန်ခဲ့ပြီး ပန်လုံ ကျေးရွာ က ဒေသခံ အိမ် ၅ လုံးထိမှန်ခဲ့ပြီး အမျိုးသမီးငယ်တဦး လည်း သေနတ် ထိမှန်ခဲ့ကာ သန္နီဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း စိုင်းဦးခမ်း က ဆက်၍ပြောသည်။

“ သေနတ်ထိမှန်တဲ့ အမျိုးသမီးငယ်ကတော့ စိုးရိမ်စရာမရှိပါဘူး။ လူထုကတော့ တော်တော်လန့် နေကြ တယ်” ဟုလည်း စိုင်းဦးခမ်းက ပြောသည်။

သိန္နီမြို့နယ် သည် မန္တလေး-လားရှိုး- သိန္နီ – မူစယ် – တရုတ်ပြည် လမ်း၊ မန္တလေး – လားရှိုး – သန္နီ – ကွမ်လုံ – တရုတ်ပြည်သို့ သွားသည့် ပြည်ထောင်စုလမ်းမကြီး၏ လမ်းခွဲမြို့ဖြစ်သည်။

အဆိုပါဒေသအတွင်း မြန်မာအစိုးရ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့တို့အပြင် သျှမ်းတပ်၊ ပလောင်တပ်၊ ကိုးကန့် နှင့် ကချင် တပ်တို့ မကြာခဏ ဖြတ်သန်းသွားလာသည့် ဒေသလည်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article