Thursday, April 25, 2024

ထိုင်းရောက် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ စတင်ဖမ်းဆီးနေ

Must read

ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ၊ ချမှတ်ထားသော ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အလုပ်လုပ်ကိုင်ခွင့်စည်းမျဉ်း ချိုးဖေါက်သူများအား ယခုလဆန်းပိုင်းမှ စတင် ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

Photo : Thairat

ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်း မှစတင်ကာ ထိုင်း မြန်မာ နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင် စျေးရောင်း နေထိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ သျှမ်းပြည်နယ် မှ ရွေ့ပြောင်းအလုပ်သမားများအား စတင်ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ထိုင်းလူဝင်မှု ကြီးကြပ်ရေးမှ သိရသည်။

“ဇူလိုင် ၂ ရက်နေ့မှာတော့အလုပ်သမားကဒ်မရှိတဲ့သူ၊ တရားမဝင် နေထိုင်တဲ့သူတွေကို စဖမ်းပါတယ်။ ပြီးတော့ မြန်မာပြည် ဘက် မြဝတီကို ပို့တယ်။ မဲဆောက်စျေးထဲမှာ စျေးရောင်းသူတွေကတော့ မလာရဲကြဘူး ” ဟု မဲဆောက်မြို့တွင် စျေးရောင်းနေသူ အမျိုးသမီး တဦးကပြောပြသည်။

ဇူလိုင် ၂ရက်နေ့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀ ဖမ်းဆီးပြီး မြန်မာဘက်ခြမ်းမြဝတီသို့ ပြန်လည်ပို့ ဆောင်ခဲ့ကြောင်း ထိုင်းလူဝင်မှု ကြီးကြပ်ရေး မှသိရသည်။

ထို့အတူ ချင်းမိုင်တက္ကသိုလ်ဝင်း အရှေ့ဘက် (နာ့မော) အနောက်ဘက် (လန်မော) ၊ ချင်းမိုင်စျေးကြီး၊ ချင်းမိုင် ခရိုင်အတွင်း ဆောက်လုပ်ရေးအလုပ်သမားတန်းလျားများ၊ စက်ရုံများ၊ ဆောက်လုပ်ရေးစီမံကိန်းများ အတွင်း ထိုင်းအာဏာပိုင်များ ၀င်ရောက်စစ်ဆေး ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာသည်ဟုလည်းသိရသည်။

“ အလုပ်သမားတွေ အနေနဲ့ ဘယ်သွားသွား ကဒ်တွေပြည့်ပြည့်စုံစုုံ ယူသွားဖို့လိုတယ်။ မပြည့်စုံရင်တော့ သူတို့ဖမ်းမှာပဲ။ သူတို့ သတ်မှတ်ထားတဲ့ ရက်ကျော်လာပြီဆိုတော့စစ်ဆေးမှုတွေ ပြုလုပ်မယ်။ သတ်မှတ်ထားတဲ့ လက်မှတ်တွေစုံဖို့ တော့ အလုပ်သမားတွေကို တိုက်တွန်းချင်ပါတယ်” ဟု Human Rights and Development Foundation မှ စိုင်းပင်း ကပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများအပါအဝင် နိုင်ငံခြားသား လုပ်သားများကို ဇူလိုင် ၁ ရက် မှစ၍ ရှာဖွေဖမ်းဆီးသွားမည်ဟု ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးက ကြေညာ ခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းမိခဲ့ပါက မြန်မာသံရုံးထံ လွှဲပြောင်းပေးဖို့ နှစ်နို်င်ငံအစိုးရ တာဝန်ရှိသူတွေအကြား သဘောတူညီမှု ရရှိခဲ့ထားသည်လဲသိရသည်။

ထိုင်းအစိုးရက ၂ နှစ်သက် တမ်းရှိ ဗီဇာနှင့် အလုပ်ပါမစ်ကို ဇွန်လ ၃၀ ရက်က နောက်ဆုံး ပြုလုပ်ပေးရာ မြန်မာလုပ်သား ၂,၆၀၄ ဦးလာရောက်ပြုလုပ်ခြင်း မရှိကြောင်း ထိုင်းအစိုးရက ဇွန် ၃၀ ရက် တွင် သတင်းထုတ်ပြန်သည်။

ထိုင်းအစိုးရ အနေဖြင့် တရားမဝင်နေထိုုင်သည့် ရွှေ့ပြောင်း အလုပ်သမားများကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ်ငါးထောင်မှ ငါးသောင်းအထိ ပေးဆောင်ရပြီး၊ ထိုင်းနိုင်ငံသို့ပြန်လည် ၀င်ရောက်အလုပ်လုပ်ကိုင်ခွင့် ၂ နှစ် ပိတ်ပင်ခံရမည် ဟု ထိုင်းနိုင်ငံအလုပ်သမား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုင်းအလုပ်ရှင် များအနေဖြင့် ခွင့်ပြုချက်မရှိဘဲ အလုပ်သမားများ ခန့်ထားခြင်း၊ တားဆီးပိတ်ပင်ထားသည့် လုပ် ငန်းအမျိုးအစားများစေခိုင်းခြင်း စစ်ဆေးတွေ့ရှိပါက အလုပ်သမားတစ်ဦးလျှင် ဒဏ်ငွေဘတ်တစ် သောင်းမှ တစ်သိန်းအထိ ပေးဆောင်ရမည်ဟု ထုတ်ပြန်ထား သည်။

ထိုင်းအစိုးရအနေဖြင့် နိုင်ငံခြားသား အလုပ်သမားများကို CI အထောက်အထား လုပ်ရန် အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် တစ်ကြိမ်၊ ၂၀၁၈ မတ်လတွင် တစ်ကြိမ် ဖမ်းဆီးအရေးယူမှုကို ဖြေလျော့ဆောင်ရွက်ပေးခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့မှာ သတ်မှတ်ကာလ ကုန်ဆုံးခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသားဦး ရေ နှစ်သန်းခန့်ရှိပြီး ဇွန်လကုန် အထိ ယင်းနိုင်ငံတွင် မှတ်ပုံ တင် ထားသည့် တရားဝင် မြန်မာနိုင်ငံ သား အလုပ်သမားဦးရေ ရှစ်သိန်း ခန့်ရှိကြောင်း အလုပ်သမားရေး ရာတာဝန်ရှိသူများက ဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article