Friday, April 19, 2024

မိုင်းဆတ် လျှပ်စစ် ဓာတ်အား တယူနစ် ၈၅ ကျပ် တိုးမြှင့် ကောက်ခံမှု ဒေသခံများသဘောမတူ

Must read

သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အတွင်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လွယ်ဆမ်ဆုံ ကုမ္ပဏီ မှ မီတာခ တယူနစ် ၈၅ ကျပ်အထိ တိုးမြှင့် ကောက်ခံခြင်းကို ဒေသခံများ ကန့်ကွက်သည့်စာကို သျှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လက်မှတ်ထိုးတင်ပြသွားမည်ဟု သိရသည်။

၁ ယူနစ် ၃၅ ကျပ်တန် မီးကြိုးများကို ကုမ္မဏီမှ တက်ဖြတ်နေစဉ်

ယခု လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနေသည့် လွယ်ဆမ်ဆုံ ကုမ္ပဏီသည် ယခင်က မီတာခ တယူနစ် (၃၅) ကျပ် ကောက်ခံရာမှ ယခုတယူနစ် (၈၅) ကျပ်ဖြင့်တိုးမြှင့် ကောက်ခံသဖြင့် ဒေသခံများ ကန့်ကွက်နေကြကြောင်း မိုင်းဆတ်ဒေသခံ ကပြောသည်။

အဆိုပါ ကန့်ကွက်စာကို သျှမ်းပြည်နယ် ဝန်ကြီး၊ သျှမ်းပြည်နယ် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန၊ မိုင်းဆတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ မိုင်းဆတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တို့ကို ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

“ ကျနော်တို့ တယူနစ်ကို (၈၅) ကျပ် နဲ့မပေးနိုင်ဘူး။ သျှမ်းပြည်နယ် အစိုးရဖွဲ့ ကို လက်မှတ်ထိုး တောင်းဆိုသွားမယ်။ အခုတော့ ကန့်ကွက်လက်မှတ်ထိုးတဲ့သူ ၃၀၀ ယောက်ရှိပြီ” ဟု ဒေသခံ စိုင်းဟန် က ပြောသည်။

လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးတွင် ကန်ထရိုက်ဆွဲ တာဝန်ယူထားသည့် လွယ်ဆမ်ဆုံ ကုမ္ပဏီသည် ၂၀၀၄ မှ ၂၀၁၇ ခုနှစ်အတွင်း ဒေသခံရပ်ကွက်လူထုနှင့်တွေ့ဆုံပြီး “နွေရာသီ ရေနည်းသဖြင့် မီးစက်နှိုးပေးမည်ဖြစ်ရာ ဆီဖိုးအတွက်ဟုဆိုကာ ဓာတ်အားခအား တယူနစ် (၃၅ ) ကျပ်မှ (၈၅) ကျပ်အထိ တိုးမြှင့်ကောက်ခံမည် ” ဟု ဆွေးနွေးရာ လူထုက သဘောမတူကြောင်း စိုင်းဟန် က ပြောသည်။

“ ကျနော်တို့ ဒီလ ၁၉ ရက်နေ့မှာ ဒေသခံတချို့ က တယူနစ်ကို ၃၅ ကျပ်နဲ့ပဲ သွားသွင်းတယ်။ နောက်နေ့မှာ ၃၅ကျပ် သွင်းတဲ့ မီးကြိုးတွေကို ကုမ္ပဏီ က လူတွေ လာဖြတ်သွားတယ်” ဟု စိုင်းဟန် က ပြောသည်။

မိုင်းဆတ်မြို့နယ် အတွင်း အသုံးပြုနေသည့် လျှပ်စစ်မီးသည် မယ်ပန်ချောင်းမှ ရေအားလျှပ်စစ်ထုတ်ကာ အသုံးပြုနေကြပြီး၊ အဆိုပါ ရေအားလျှပ်စစ်စက်ရုံသည် နိုင်ငံတော် အစိုးရ နှင့် မိုင်းဆတ်မြို့နယ် အတွင်း နေထိုင်သည့် ဒေသခံများက စုပေါင်း တည်ဆောက်ထားခြင်း ဖြစ်ကြောင်းသိရသည်။

“ ဒီနှစ် ၃ လပိုင်းက မီးဖိုးစတက်တာ။ အစကတော့ စမ်းသပ်ကာလ ၂ လပဲ တယူနစ်ကို ၈၅ ကျပ်လို့ပြောခဲ့တယ်။ ဒါပေမယ့် တယူနစ်ကို ၈၅ ကျပ် ကောက်လာတာ အခုထိပဲ” ဟု မိုင်းဆတ်ဒေသခံ တဦး က ဆိုသည်။

လွယ်ဆမ်ဆုံ ကုမ္ပဏီ သည် ဓာတ်အားခ တယူနစ်ကို ၈၅ ကျပ် အဖြစ် ၂ လ မကဘဲ ၂ နှစ် ဆက်ပြီး တိုးကောက်သွားမည် ကို ဒေသခံများက လက်မခံကြကာ သျှမ်းပြည်နယ် အစိုးရ အဖွဲ့ ထံ ကန့်ကွက်စာ တင်ရခြင်းဖြစ်သည် ဟု ၎င်းက ပြောသည်။

လျှပ်စစ် ဓာတ်အားခ တယူနစ်ကို ၈၅ ကျပ်နှုန်းဖြင့် ကောက်ခံပါက ဒေသခံများအတွက် အခက်အခဲများစွာကြုံ နိုင်ကြောင်း၊ ယခင်ကဲ့သို့ တယူနစ်ကို ၃၅ ကျပ်နှုန်းဖြင့်သာ ပြန်လည် ကောက်ခံစေလိုကြကြောင်း မိုင်းဆတ်ဒေသခံများက တောင်းဆိုကြသည်။

Leave a Comments

- Advertisement -spot_img

Latest article