Friday, April 19, 2024

လားရှိုးတွင်နေ့ခင်းကြောင်တောင်ဓါးပြတိုက်မှုဖြစ်ပွါး ဒေသခံများလုံခြုံရေးစိုးရိမ်

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၉ နယ်မြေ ၅ တွင် ပရိဘောဂ ပြုလုပ်သည့်နေအိမ်သို့ ယမန်နေ့ နေ့လည် ၁နာရီ ခွဲ ၌ အမျိုးသားတဦးမှ ဓားဖြင့်ခြိမ်းခြောက်ကာ လုယက်ဓါးပြတိုက်မှု ဖြစ်ပွားရာ ယနေ့ထိ တရားခံ ထွက်ပြေးနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ နေအိမ်တွင် အမျိုးသမီး တဦး နှင့် ၁၀ လ သားလေး တည်း ရှိနေစဉ် အမည်မသိ အမျိုးသား တဦးက အိမ်အတွင်းသို့ဝင်ရောက်ကာ ဓားဖြင့်ထောက်ပြီး အမျိုးသမီး ဝတ်ဆင်ထားသည့် ရွှေထည် ပစ္စည်းများနှင့် ငွေကျပ် ၁၅သိန်း တို့ကို လုယက်ကာ ထွက်ပြေးသွားကြောင်း လုယက်ခံရသည့် အမျိုးသမီး ၏ ခင်ပွန်း ဖြစ်သူ ကိုဇေယျာထွန်း က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

“ အခုထိတော့ အဲ့လူကို မဖမ်းမိသေးပါဘူး။ ရဲတွေကလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။ ကျနော် တို့က အမှုဖွင့်ထားပြီးပါပြီ” ဟု ကိုဇေယျာထွန်းက ဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး လားရှိုးမြို့ ခရိုင်ရဲတပ်ဖွဲ့မှ နယ်မြေလုံခြုံရေးတိုးမြှင့်ထားကြောင်း၊ မြို့အဝင်၊ အထွက်များလည်း စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။

လားရှိုးနယ်မြေ ရဲစခန်း သတင်းပေးချက်အရ အမှတ် ၈၃/ ၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉ ၂ ဖြင့် အမှုဖွင့် ထားကြောင်းလည်း လားရှိုးမြို့ခရိုင်ရဲစခန်းမှ တာဝန်ရှိ သူတဦးကပြောသည်။

“ လားရှိုးမြို့မှာ လုယက်မှုတွေ မကြာခဏဖြစ်တယ်။ နေ့တိုင်းလိုလိုပါပဲ။ တရားခံကို ဖမ်းမိတာ မရှိသလောက်ပါပဲ။ အိမ်မှာ တယောက်တည်းတောင်မနေရဲဘူး” ဟု လားရှိုး ရပ်ကွက် ၉ မှ စိုင်းလှအောင် က ပြောသည်။

လားရှိုးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများလာပြီး အပြင်ထွက်လျှင်လည်း ပစ္စည်းလုခံရမည်ကို စိုးရိမ်ကြောင့်ကြနေရကြောင်း၊ မိမိနေအိမ်တွင် နေလျှင်လည်း အနုကြမ်း ဝင်စီးမည်ကို ကြောက်နေရကြောင်း စိုင်းလှအောင် က ပြောသည်။

လက်ရှိတွင် လားရှိုးလူငယ်များကြား မူးယစ်ဆေးဝါး ပျံ့နှံ့မှုများနေပြီး၊ ဆိုင်ကယ်စီးလုယက်မှုများ၊ ဓားခုတ်မှု များကျူးလွန်သူမှာ လူငယ်များဖြစ်နေကြောင်း၊ လားရှိုးမြို့ရဲတပ်ဖွဲ့ အနေဖြင့် လူအင်အား နည်းနည်းဖြင့် လုပ်နေကြပေမယ့် တရားဥပဒေ စိုးမိုးမှု အပိုင်းမှာ အားနည်းနေသည်ဟု လားရှိုးဒေသခံများက ပြောဆိုကြသည်။

Leave a Comments

- Advertisement -spot_img

Latest article