Thursday, April 18, 2024

လယ်ယာစိုက်ပျိုးရေးအတွက်ရေပေးဝေသည့် လဲချားမြို့ ရေကန်ကြီးပြုပြင်ပေးရန် လွှတ်တော်တွင်တောင်းဆို

Must read

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့တွင် လယ်ယာမြေဧက ၁၀၀ နီးပါးခန့်အား ရေပေးဝေလျှက်ရှိသော နောင်ခမ်းရေကန်အား နိုင်ငံတော်မှ ပြန်လည်ပြုပြင်ပေးနိုင်ရေးအတွက် လွယ်လင်ခရိုင် အမျိုး သား လွှတ်တော်ကိုယ်စားလှယ် က အမျိုးသားလွှတ်တော်အစည်းအဝေးတွင်တင်ပြခဲ့ကြောင်းသိရသည်။

လွယ်လင်ခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းထွန်းအောင်၏မေးခွန်းကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကဖြေကြားနေစဉ်

ဇွန်လ ၁၅ ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဌမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် စိုင်းထွန်းအောင်က – လဲချားမြို့နယ် လယ်ယာမြေများအား ရေပေးဝေနေသည့် နောင်ခမ်း ရေကန် တိမ်ကောစပြုနေသည့်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြန်လည်ပြုပြင်ထိန်းသိမ်းပေးရန် အစီစဉ်ရှိမရှိ မေးမြန်းရာ- သျှမ်းပြည်နယ်အစိုးရကိုယ်စား စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက – မိုးအ ကုန် ပွင့်လင်းရာသီတွင် အစိုးရအနေဖြင့်ကွင်းဆင်းကြည့်ရှုမည်ဖြစ်ပြီး ဦးစားပေးအစီအစဉ်အဖြစ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း – ဖြေကြားပေးခဲ့သည်ဟုသိရသည်။

“နောင်ခမ်းကန်က စော်ဘွားများခေတ်ကတည်းကရှိလာတဲ့ရေကန်။ အခုက ကန်ရဲ့ ၃ ပုံ ၁ ပုံလောက်ဘဲ ရေကျန်တော့တယ်။ နိုင်ငံတော်အနေနဲ့မကူညီရင် ဒေသခံတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုးပြုပြင်ထိန်းသိမ်း ဖို့ဆိုတာ မလွယ်ဘူးလေ။ မြေသားကန်ဘောင်တွေကို မပျက်စီးအောင် ပြန်လုပ်ရမယ်။ လယ်တွေကို ရေဖူဖူလုံလုံဆက်လက်ပေးသွားနိုင်အောင်ထိန်းသိမ်းရမယ်လေ။ နောင်ခမ်းကန်က မြို့နဲ့ကပ်လျက်ရှိနေတဲ့ အတွက်ကြောင့် သေသေချာချာပြုပြင်ထိန်းသိမ်းလိုက်မယ်ဆိုရင် မြို့အင်္ဂါရပ်နဲ့အညီ သာသာယာယာ လှလှပပလေးလည်းဖြစ်သွားမယ်။ အပန်းဖြေအနားယူတဲ့နေရာလည်းဖြစ်လာနိုင်တယ်လေ။”- ဟု စိုင်းထွန်းအောင်က သျှမ်းသံတော်ဆင့်အားပြောသည်။

လဲချားမြို့နှင့် နောင်ခမ်းကန်အား Google Map မှမြင်တွေ့ရပုံ

လဲချားလူထုအနေဖြင့် ကန်ကြီးပြုပြင်ထိန်းသိမ်းရေးအတွက်မပြုလုပ်နိုင်သကဲ့သို့ ပျက်စီးအောင်လည်းမည် သူမျှမလုပ်ရကြောင်း၊ မိုးကျချိန် ကန်ရေလျှံတက်ခြင်းကြောင့် ကန်ဘောင်မြေသားများ ပျက်စီးခြင်း၊ ရေကန်က တိမ်ကောလာခြင်းတို့ကြောင့် ယမန်နှစ်က နွေရာသီတွင် ရေများခန်းချောက်မှုဖြစ်သေးကြောင်း၊ သည့်အတွက် ပြုပြင်ပေးသင့်ကြောင်း ဒေသခံများကလည်း ပြောဆိုသည်။

နောင်ခမ်းရေကန်သည် လဲချားမြို့၏ အရှေ့မြောက်ဘက်ဘက်အရပ် မြို့နှင့်ကပ်လျက်တွင်တည်ရှိသည်။ စော်ဘွားခေတ်က ရေကန်အကျယ်၏ ၃ ပုံ ၁ ပုံသာကျန်ရှိပြီး လက်ရှိတွင် နောင်ခမ်းကန်မှာ အလျား ကိုက် ၁၀၀၀ ၀န်းကျင်၊ အနံ ကိုက် ၅၀၀ ၀န်းကျင်ခန့်ရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article