ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများအတွက် တားမြစ်ထားသောလုပ်ငန်း ၁၁ မျိုးထိုင်းအစိုးရ ပြန်ခွင့်ပြု

0

ထိုင်းနိုင်ငံအစိုးရသည် ၄င်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် တားမြစ်ထားသော လုပ်ငန်းများ အနက် ၁၁ ခုကိုခွင့်ပြုပေးကြောင်းသိရသည်။

Photo By – I cons

ရွှေ့ပြောင်းအလုပ်သမားများအတွက် တားမြစ်ထားသော လုပ်ငန်းများမှာ ၃၉ မျိုးရှိသည့်အနက်ယခု ဇွန်လ ဆန်းပိုင်းက ၁၁ ခုအားပြန်လည်လမ်းဖွင့်ပေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံအလုပ်ရှင်များအသင်းက- “အခုအစိုးရက တားမြစ်ထားတဲစည်းကမ်းချက်တွေဖြစ်ကြတဲ့ – အထည် ရောင်း တာတို့၊ ကုန်ပစ္စည်းဆိုင်စောင့် (အရောင်းစာရေး) တို့၊ ဆံပင်ညှပ် အလှပြင်ဆိုင်တို့ လက်သည်း ခြေသည်းအလှတို့ကြို ရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်ဆောင်ခွင့်မပေးဘူး။ ဒါပေမယ့် ကျနော် ကျမတို့က ဒီအလုပ်တွေအတွက်လူရှာတယ်။ လနဲ့ချီတယ် လုပ်မယ့်လူမရှိဘူး။ ထိုင်းလူမျိုးတွေလာ မလျှောက်ဘူး အဲဒီအလုပ်ကို။ ထိုင်းတွေက သက်တောင့်သက်သာရှိတဲ့ လုပ်ငန်းကိုဘဲသွားလုပ်ကြတယ်လေ။ ဒါကြောင့် အစိုးရအနေနဲ့ဒီဥပဒေကို လျှော့ပေါ့ပေးပြီး ရွှေ့ပြောင်း အလုပ်သမားတွေကိုလုပ်ခွင့်ပေးပါလို့တောင်းဆို ချင်တယ် ”- ဟု ထိုင်းသတင်းထောက်များအား ပြောဆို လိုက်သည်။

ထိုအတွက် လုပ်ငန်းရှင်များက ၀န်ကြီးများရုံးသို့သွားကာ ၀န်ကြီးချုပ်အား တောင်းဆိုခဲ့ကြကြောင်းသိရသည်။
သို့သော်အဆိုပါပြန်လည်ခွင့်ပြုထားသော လုပ်ငန်း ၁၁ မျိုးအား ထိုင်းအစိုးရမှ တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေ။
တဖက်တွင်လည်း ထိုင်းနိုင်ငံတွင် ဘွဲ့ရလူငယ် တဝက်ကျော်မှာ လုပ်ငန်းကိုင်ငန်းမရှိဖြစ်နေကြောင်းလည်း ထိုင်းအလုပ်သမားရုံးမှ ထုတ်ပြန်ကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။

လူ့အခွင့်အရေးဖောင်ဒေးရှင်း HRDF မှ စိုင်းပိန်းက – “အရင်က အလုပ်သမားတွေကို အစိုးရပိတ်ထားတာ ကလုပ်ငန်း ၃၉ ခုပါ။ ခု ၁၁ ခုလျှော့လိုက်ပြီဆိုတော့ဘယ်ဟာတွေ ကျန်သေးလဲမသိဖြစ်နေတယ်။ အစိုးရဘက်က တရားဝင်ကြေငြာချက်ထုတ်ထားတာတော့မရှိသေးဘူး။ ”-ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံမှလာသော ရွှေ့ပြောင်းအလုပ်သမားသန်းနှင့်ချီရှိသည်။ ပြီးခဲ့သည့်လအတွင်းက တရားဝင်အလုပ်လုပ်ပိုင်ခွင့် စာရွက်စာတမ်း အပြီးလုပ်ဆောင်ရန် အစိုးရကြေငြာပြီး နောက်ပိုင်း လက်ရှိတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုပြုလုပ်နေကြောင်း၊ ဖမ်းဆီးရမိသူများအား ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ဂိတ်မှတဆင့်နေရပ်ရင်းသို့ပြန်ပို့နေကြောင်းသိရပါသည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here