Thursday, April 25, 2024

မူးယစ်ဆေးသုံးသည်လင်းခေးမြို့ ၁၀ ကျော်သက် ၁၀ ဦးကျော် ဖမ်းဆီးခံရ

Must read

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့တွင် ယာဘမူးယစ်ဆေးဝါးများ ပေါများလျှက်ရှိရာ ဆေးစွဲနေသည့်ကျောင်း သားတချို့အား လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။


ဇွန်လ ၁၁ ရက်ညနေပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ဆေးစွဲသူလူငယ် ၁၀ ကျော်အား ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း၊ ၄င်းတို့ဘဝ ပြန်လည်ထူထောင်ပေးရန်အတွက် ဟုပြောဆို သွား ကြောင်း နီးစပ်သည့်ဒေသခံ များပြောပြချက်အရသိရသည်။

“ဦးလေးတို့ကလေးရဲ့ဆိုင်ကယ် မြို့အဝင်လမ်းမှာလာယူပါ- လို့ဘဲဆက်သွယ်လာတယ်။ ဒါကြောင့် ဆေးမှုနဲ့ဖမ်းသွားတာနေမှာ လို့ဘဲ ထင်ပါတယ်။ အရင်တွေတုန်းကလည်း အဲလိုဖမ်းသွားတာရှိခဲ့ဖူးပါတယ်။ လွယ်တိုင်းလျန်း က လို့ပြောကြတယ်။ ဆေးစွဲ တာတွေကိုဖြတ်ပေးတယ်ဆိုတော့လည်း ကောင်းတဲ့အလုပ်ဘဲလေနော်။” – ဟု အဖမ်းခံရသူများအနက် ဦးလေးတော်စပ်သူ ဦးလုံးတာ ကပြောသည်။

အဆိုပါကလေးများသည် မူးယစ်ဆေးများကို မိုးနဲမြို့မှသွားရောက်ဝယ်ယူပြီးအပြန်လမ်းတွင် အဖမ်းခံရခြင်းဖြစ် ကြောင်း ၊ ထိုမှတဆင့် လင်းခေးမြို့တောင်ဘက်ပိုင်း သို့ ခေါ်ဆောင်သွားကြောင်း ၊ မိဘအုပ်ထိန်းသူနှင့်လည်းဆက်သွယ်မှုမရှိသေး ကြောင်း အဖမ်းခံရသူများနှင့်ဆွေမျိုးတော်စပ်သူ များကပြောသည်။

၄င်းနှင့်ပတ်သက်ပြီး မေးမြန်းရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်အား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရခဲ့ပေ။

“ကျနော်တို့ သက်ကြီးပိုင်းအနေနဲ့ပြောရရင်တော့ အခုလိုလုပ်ပေးတာ ကောင်းတယ်။ ဒါမှ မိမိတို့သားသမီး မြေးမြစ်တွေက အကျင့်ကောင်းလာမှာ။ခုက မိဘဆွေမျိုးတွေက သူတို့သားသမီးတွေကို သနားညှာတာ တဲ့စိတ်နဲ့ ဆေးစွဲမှန်းသိသားနဲ့ မပြောရက်မဆိုရက်ဖြစ်နေတယ်။ ခုကျနော်တို့ဆီမှာ ဆေးစွဲတာ တော်တော်လေးကိုဆိုးဆိုးရွားရွားဖြစ်နေပြီ။ ရ တန်း ၈ တန်း ၉ တန်း ၁၀ တန်းခလေးတွေဆိုကြည့်လိုက်ရင် ဖြူဖတ်ဖြူရော် ပိန်ညောင်ခြောက်ကပ်နဲ့ မြင်ရတာနဲ့စိတ်မကောင်းစရာဖြစ်နေတယ်။ ယာမ ဆိုတာကြီးကလဲ ရှာရလွယ်သလားမမေးနဲ့။ ”- ဟု အသက် ၅၀ ကျော်အရွယ် မြို့မ ရပ်ကွက်နေ ကျောင်းသားမိဘ တဦးကပြောသည်။

လင်းခေးမြို့နယ်အတွင်းရှိ သက်မပြည့်သေးသည့် ကလေးတော်တော်များများမှာ ယာဘ၊ မူးယစ်ဆေး များ သုံးစွဲနေကြပြီး မြို့အထွက်လမ်း၊ တောင်အတက်လမ်း တောတောင်များတွင်သွားရောက်သုံးစွဲကြကြောင်း သိရသည်။

“အခုက ယာဘတွေက စျေးပေါသလားမမေးနဲ့ ၂ ပြား ၅၀၀ တို့၊ တပြား ၂၀၀ တို့ ။ မှိုလိုပေါက်နေ တယ်။အဲတာကြောင့် ကလေးတွေစာရိတ္တပျက်ပြားမှုမရှိအောင် အဲဒီယာဘတွေ မရောင်းပါနဲ့လားလို့ တောင်းဆိုချင်ပါတယ်။ ”- ဟု ကျောင်းသား အုပ်ထိန်းသူ တဦးကလည်းပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article