Saturday, April 20, 2024

လွယ်တာကိုအရင်လုပ်မှ ခက်တာကိုအောင်မြင်ကျော်လွှားနိုင်လိမ့်မယ် ( ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်းနှင့် မေးမြန်းချက်)

Must read

၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်ကို ဇွန်လနှောင်းပိုင်းလောက်မှာ ကျင်းပဖို့အစိုးရဘက်က ရက်ရွှေ့ လိုက်ပြီဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြားက တစ်ဆို့မှုကြီးတွေကို ကျော်လွှား နိုင်ပြီလား ။ ဘာတွေကိုကျော်လွှားခဲ့ပြီး ဘာတွေကျန်နေသလဲ။ သို့မဟုတ် ထပ်တူကျပြီလား။ ဘယ်အခြေ အနေရှိနေပါသလဲဆိုတာသိရအောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်စတင်ကတည်းက ပါ၀င်လာတဲ့ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာလည်းဖြစ် RCSS/SSA ရဲ့အကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးခွန်စိုင်းကို သျှမ်းသံတော်ဆင့်က မေးမြန်းထားပါတယ်။

ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်းအားမေးမြန်းနေစဉ်

မေး။ ။ ၂၁ ရာစုပင်လုံညီလာခံ သို့မဟုတ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် ကျင်းပဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားများကြား တစ်ဆို့မှုတွေကို ဖြေရှင်းကျော်လွှားနိုင်ခဲ့ပြီလားဆိုတာကို ဦးခွန်စိုင်းက အခုလိုစပြောပါတယ်။

ဖြေ။ ။တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသားကြား တနှစ်ကျော်ကြာလာပြီဖြစ်တဲ့ တစ်ဆို့မှုကြီးကို ကျော်လွှားနိုင် ဖို့အကြိမ်ကြိမ်ကြိုးစားလာခဲ့တယ်။ ပြီးခဲ့တဲ့ မေလ ၃၀-၃၁ ရက်နေ့မှာ ကျော်လွှားနိုင်ခဲ့ပြီလို့ကြား တယ်။ ခွဲမထွက်ပါဘူးဆိုတဲ့ ကတိခံဝန်ချက်ပေးမှ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ပြည်နယ် အခြေခံဥပဒေရေးဆွဲရေးတို့ကို သဘောတူနိုင်မယ်ဆိုပြီးတော့မှ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တောင်းဆိုခဲ့ပါတာဖြစ်တယ်။ သူတို့ဆွေးနွေးချက်အရ ဒီတစ်ဆို့နေတဲ့ပြသနာတွေကိုခနထားခဲ့ပြီးတော့မှ ဒီ့ပြင်ခေါင်းစဉ်တွေကိုဆွေးနွေးကြရအောင်ဆိုပြီးတော့မှ သူတို့သဘောတူခဲ့ကြတယ်။

မေး။ ။ တစ်ဆို့နေတဲ့ခေါင်းစဉ်က ဘာတွေလဲ ။ အဲလိုဆိုရင်ဘယ်လိုဆွေးနွေးကြမလဲ။

ဖြေ။ ။ အခုလောလောဆယ် ခေါင်းစဉ် ၅ ခုရှိတယ်။ နိုင်ငံရေး၊ လုံခြုံရေး လူမှုရေး စီးပွါးရေး မြေယာနှင့် သယံဇာတ ပစ္စည်းများစီမံခန့်ခွဲရေးဆိုပြီးတော့မှ ရှိခဲ့တယ်။ အဲဒီတော့ အဲဒီအထဲမှာ တစ်ဆို့နေတာက နိုင်ငံရေးနှင့်လုံခြုံရေးဖြစ်တယ်။ ဒီတော့ ကျနော်တို့မျှော်မှန်းရတာကတော့ အရင်ဆုံးကတော့ လူမှုရေးတို့ စီးပွါးရေးတို့ မြေယာနှင့်သယံဇာတ ပစ္စည်းများ တို့ကို အရင်ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး။ ။ နိုင်ငံရေးခေါင်းစဉ်မှာမှ လွယ်ကူမယ့်အခြေအနေတွေ့ရပါတယ်။ လုံခြုံရေးမှာကော တအားကြီးဆွေးနွေးရမယ့်အခြေအနေရှိပါသလား ။

ဖြေ။ ။ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ အန်စီအေထဲမှာပြန်ကြည့်မယ်ဆိုရင် အဲန်စီအေထဲမှာ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကိုပြန်ဆွေးနွေးဖို့ ဆိုတာပါပါတယ်။ တဖက်ကလည်းတပ်မတော်က တိုင်းပြည်တခုမှာတပ်မတော်တခုတည်းရှိရေးလို့တောင်းဆိုထားတယ်။ အခုလောလောဆယ်က ပြည်ထောင်စုတပ်မတော်ဖြစ်ရေး နောက်တဖက်ကတော့ တခုတည်းသောတပ်မတော်ဖြစ်ရေးပေါ့နော်။ တကယ်လို့ တခုတည်းသောတပ်မတော်ဖြစ်ရေးဆိုပြီးတော့မှ အခုရှိပြီးသားတပ်မတော်မှာ သွားပြီးတော့ ၀င်ရမယ်ဆိုတာ က EAO မှာ အခက်အခဲရှိပါတယ်။ ပြည်ထောင်စုတပ်မတော်အသစ်ဖွဲ့ရမယ်ဆိုရင်လည်းဘဲ ဒီ အခုလောလောဆယ်ရှိနေတဲ့တပ်မတော်က လုံးဝ လက်မခံသေးတဲ့အခြေအနေရှိနေတယ်။ ဒီ ၂ချက်ကိုအပြေအလည် ညှိနှိုင်းရမှာဖြစ်တယ်လို့ကျနော်ကြားသိရပါတယ်။

မေး။ ။ ဒီအချက်အလက်တွေညှိနှိုင်းပြီးတော့မှ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ဘယ်လိုဝေဖန်သုံးသပ်ပြောဆိုလိုပါသလဲ။

ဖြေ။ ။ ဒီကိစ္စကတော့ တပ်မတော်ဗိုလ်ချုပ်ကြီးဟောင်းတယောက်ပြောသွားသလိုဘဲ။ ရန်သူ့ရဲ့တပ်ကြီးတခု ကို ကျနော်တို့က အကြိမ်ကြိမ်တိုက်တာမပြိုဘူးဆိုရင် ကျနော်တို့က ဒီတပ်တွေကိုခနထားပြီးတော့မှ ဘေးမှာ ရှိနေတဲ့ နောက်မှာရှိနေတဲ့ ၀ုိင်းရံထားတဲ့တပ်လေးတွေကို လိုက်သိမ်းရပါလိမ့်မယ်။ ဒါတွေပြီးမှ ဒီတပ်ကြီးကို အားလုံးစုပြုံပေါင်းပြီးမှ လာတိုက်ရမှာဖြစ်တယ်လို့အကြံပြုပါတယ်။ ဒီကိစ္စကို RCSS ဥက္ကဌကြီးစဝ်ယွက်စစ် က လည်း ထောက်ခံတယ်။ ကျနော်တို့အခုအခြေအနေက ခက်ခဲတဲ့ကိစ္စကိုအရင်ဆွေးနွေးပြီးမှ လွယ်တဲ့ကိစ္စကို ဆွေးနွေးမယ့်အစား လွယ်ကူတဲ့အကိစ္စကိုအရင်ဆွေးနွေးပြီးမှဘဲ နောက်မှဘဲအခက်ခဲ ဆုံးပြသနာကို လာဆွေးနွေးတာဘဲပိုကောင်းပါတယ် လို့အကြံပြုတယ်။ ဥပမာ တောင်ယာခုတ်တဲ့သူတွေဆိုရင်လည်း ကိုယ်လုပ်မယ့်စိုက်ခင်းထဲမှာရှိနေတဲ့ပေါင်းပင်တို့ သစ်ပင်ငယ်တို့ကိုအရင်ရှင်းပြီးမှ သစ်ပင်ကြီးကိုနောက်ဆုံး မှရှင်း သလိုပါဘဲ – အဲလိုပြောတယ်။ လောလောဆယ်ကတော့ ခေါင်းစဉ်ကြီး ၂ ခုကိုခနထားပြီးတော့ အရံဖြစ်တဲ့ခေါင်းစဉ် ၃ ခုကိုအရင်ဆွေးနွေးမယ်။ သူတို့ဆွေးနွေးပြီးတော့မှ သဘောတူညီချက်တွေရပြီ ဆိုရင်ယုံကြည်မှုတွေဖြစ်ပေါ်လာမယ်။ ယုံကြည်မှုဖြစ်ပေါ်လာပြီဆိုရင်နိုင်ငံရေးနဲ့လုံခြုံရေးဆွေးနွေးတာလည်း ပိုပြီးတော့မှလွယ်ကူလာမယ်လို့မျှော်လင့်ထားကြပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ပါအချက်အလက် အရ NCA လက်မှတ်ရေးထိုးပြီး ရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၆ လ တကြိမ်ကျင်းပရမယ်လို့ပါရှိထားပေမယ့် ဦးသိန်းစိန်အစိုးရ လက်ထက် မှာ ၁ ကြိမ်နဲ့ NLD အစိုးရလက်ထက်မှာ ၂ ကြိမ်သာကျင်းပရသေးတာဖြစ်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article