Friday, April 19, 2024

တိုက်ပွဲများငြိမ်သွားပြီဖြစ်သော်လည်း ကျောက်မဲရောက် ကျေးလက်ဒေသမှ စစ်ရှောင်များ နေရပ်မပြန်ရဲသေး

Must read

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် RCSS /SSA နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား လက်ရှိတွင်ပစ်ခတ်မှုများမဖြစ်ပွါးသော်လည်း ကျောက်မဲမြို့အနီး ကွန်ကော်အုပ်စု မန်စန်းရွာမှဒေသခံများမှာ နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များကို ကူညီမှုပေးနေသည့် ကျောက်မဲမြို့တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ဒေါ်အေးနော် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

တိုက်ပွဲကြောင့် နေအိမ်များမီးလောင်ကျွမ်းသွားပြီဖြစ်သော ကျောက်မဲကြီးကျောင်းတိုက်ရှိ မန်စန်းရွာသားစစ်ဘေးရှောင်များ

“ကျောက်မဲကြီးအုပ်စုကစစ်ဘေးရှောင်ဒေသခံတွေကတော့ နေရပ်ပြန်ကုန်ကြပြီ။ မန်စန်းရွာဘဲကျန်တော့တယ်။ ဘာကြောင့်မပြန်နိုင်တာလည်းဆိုတော့ သူတို့ရွာတစ်ရွာလုံးမီးရှို့ခံရတာလေ၊ အိမ်လည်းမရှိတော့ဘူး’’ ဟု ၄င်းကပြောသည်။

လက်ရှိကျောက်မဲကြီးကျောင်းတိုက်တွင် သွားရောက်ခိုလှုံသော မန်စန်းရွာမှစစ်ဘေးရှောင် လူဦးရေ ၃၄ ယောက်ရှိနေကြောင်း အဆိုပါကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်ထံမှ သိရသည်။

အဆိုပါတိုက်ပွဲမှာမတ်လ ၉ ရက်က ကွန်ကော်ရွာတွင်စတင်ဖြစ်ပွားခဲ့ပြီး ကွန်ကော်ရွာနှင့် တစ်မိုင် ကျော်ဝေးသော မန်စန်းရွာဒေသခံတချို့သည် ကျောက်မဲမြို့ သို့ စစ်ဘေးရှောင်ခိုလှုံကြကြောင်း၊ တချို့မှာကျောက်မဲကြီးကျောင်းတိုက်သို့ သွားရောက်ခိုလှုံလျှက်ရှိကြောင်း မန်စန်းရွာမှ စစ်ဘေးရှောင် စိုင်းစံမြ ကပြောသည်။

တိုက်ပွဲကြောင့် နေအိမ်များမီးလောင်ကျွမ်းသွားပြီဖြစ်သော ကျောက်မဲကြီးကျောင်းတိုက်ရှိ မန်စန်းရွာသားစစ်ဘေးရှောင်များ

ယခင်ကRCSSနှင့်TNLAတို့အကြား တိုက်ပွဲများ မကြာခဏဖြစ်သော်လည်း ကြာမြင့်ချိန်မှာ တစ်နှာရီနှစ်နာရီခန့်သာရှိပြီး ယခုတိုက်ပွဲမှာ ၁၀ ရက်ခန့် ကြာမြင့်သွားကြောင်း ၄င်းကထပ်ပြောသည်။

“တိုက်ပွဲစဖြစ်တုန်းက ဒီလောက်ကြာမယ်မထင်လို့ အဝတ်စားတွေလည်း ဘာမှမယူခဲ့ဘူး။ ကျနော်တို့ ရွာပြင်ကိုရှောင်ပေးတာ။ တိုက်ပွဲကအချိန်ကြာလာတော့ ကျနော်တို့ရွာထဲပြန်မဝင်နိုင်တော့ဘူး”ဟု၎င်းကဆိုသည်။

အဆိုပါတိုက်ပွဲသည် (၁၉)ရက်နေ့မနက်ပိုင်းတွင် ရပ်ဆိုင်းသွားပြီး ညနေ(၅) နာရီခွဲခန့်တွင် ကျောင်းနှင့်ဇရပ်မှလွဲ၍ မန်စန်းရွာတစ်ရွာလုံး မီးလောင်ပျက်စီးသွားကြောင်း ၊ အလားတူ မန်စန်းရွာနှင့် တစ်မိုင်သာသာ ကွာဝေးသော တော့ဖယ်ရွာတွင်လည်း နေအိမ် ရ လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ၎င်းကပြောသည်။

“တချို့တော့ရွာမှာအလုပ်တွေရှိတယ်။ ခုတော့ပြောင်းရွှေဖို့နေရာရှာနေကြတယ်။ ပြန်နိုင်ဖို့နည်းလမ်းမတွေ့သေးဘူး။ ငြိမ်းချမ်းလာရင်တော့ ပြောလို့မရဘူးပေါ့။ တချို့က လက်ဖက်ခြံတွေ သီးနှံစိုက်ခင်းတွေရှိနေတော့လေ” ဟု ၎င်းကပြောသည်။

မန်စန်းရွာသည် ကျောက်မဲဲမြို့၏မြောက်ဘက် (၁၁)မိုင်ခန့်တွင်ရှိသည်။ RCSS နှင့် TNLA လက်နက်ကိုင်တို့အကြားတိုက်ပွဲသည် ကွန်ကော် အုပ်စုအပိုင် ဖြစ်သော တော့ဖယ်၊ အုံအွီး၊ မန်စန်း၊ ကွန်ကော် ရွာလေးရွာတို့တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article