Wednesday, April 24, 2024

လားရှိုးမြို့မြောက်ဘက်ကျေးလက်ဒေသတွင် ဌာနေပြည်သူ့စစ်များ အခွန်ကောက်ခံမှုကြောင့် ရွာသားများအခက်တွေ့

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုတွင် ဒေသတွင်းအုပ်ချုပ်ရေးမှူးအဆင့်ရှိ ဒေသဌာနေပြည်သူ့စစ်က ကျေးလက်အုပ်စု သားများအပေါ် အခွန်ကောက်ခံမှုကြောင့် ရွာသားများအခက်တွေ့နေကြောင်းသိရသည်။

မတ်လ ၁၃ ရက်က ဒီဇယ်အရောင်းခွန် ဟုဆိုကာ ကောက်ခံခဲ့သည်ဟု ရွာသားများကပြောသည်။

“မတ်လ ၁၃ ရက်နေ့က ပြည်သူ့စစ်ရဲ့ ဒေသတွင်း အုပ်ချုပ်ရေးမှူးအဆင့်ရှိသူ စိုင်းထွန်း က မိုင်းကျက် အုပ်စုမှာရှိတဲ့ ဒီဇယ်အရောင်းဆိုင်တွေဆီကနေ အခွန်ကောက်ပေးဖို့ပြောလာတယ်။ ကျမတို့အုပ်စု အုပ် ချုပ်ရေးမှူး စိုင်းထွန်းရီက ဆင့်ဆိုပေးတယ်။ မိုင်းကျက်က ဒီဇယ်ဆီရောင်းတဲ့သူ ၈ ဦးဆီကနေ ပိုက်ဆံ ၁၀ သိန်း အဲ့နေ့မှာဘဲ ကောက်ယူသွားတယ်။ ကျမတို့မိုင်းကျက်မှာ ဒီဇယ်က အဲလောက်ရောင်းကောင်း တာ မဟုတ်ဘူးလေ။ တလတပေပါ မရောင်းရဘူး။ အမြတ်မရှိဘူး။ အခုလိုလာတောင်းတော့ အခက်တွေ့တာ ပေါ့ရှင်။” – ဟု အမည်မဖေါ်လိုသည့် မိုင်းကျက်ရွာသူ တဦးကပြောသည်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့သည် မန့်ပန်အခြေစိုက် ဗိုလ်မွန်းဦးဆောင်သည့်တပ်ဖွဲ့ဖြစ်ကြောင်း ဒေသခံ များ ပြောပြချက်အရသိရပါသည်။

လက်ရှိအုပ်စုအုပ်ချုပ်ရေးမှူး စိုင်ထွန်းရီ (အသက် ၅၀ ၀န်းကျင်) သည် မိုင်းကျက်အုပ်စုအုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်လာသည်မှာ ၃ နှစ်သက်တမ်းရှိပြီဖြစ်ပြီး ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့နှင့် ပေါင်းသင်း ဆက်ဆံ တတ်သူတဦးဖြစ်ရာ ယခုနှစ်ဇန်နဝါရီလဆန်းပိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရွေးကောက်ပွဲတွင် ၄င်းအား ပြန်လည်တင်မြှောက်ရန် ဌာနေပြည်သူ့စစ်ကလူထုအား ဆင့်ဆိုညွှန်ကြားလိုက်ကြောင်း အသက် ၅၀ ၀န်းကျင် ရှိ မိုင်းကျက်ဒေသခံက ပြောသည်။

“ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကကျတော့ ဥက္ကဌ စိုင်းထွန်းရီ နဲ့သူ့လက်ထောက် မျိုးသက်ဟိန်းဆိုသူက မူးယစ် ခွန်ဆိုပြီး အုပ်စုသားတွေဆီက ကောက်ပြန်တယ်။ ၁ သိန်း ၅ သောင်းကျပ်။ ရပ်ရွာအကြီးအကဲက ကောက်ပေးလိုက်ရပြန်တယ်။ ကျနော်တို့ နားလည်တာကတော့ မူးယစ်နဲ့ပတ်သက်ရင် အစိုးရရဲ့ မူးယစ်ဌာနနဲ့ဘဲဆိုင်တယ်လေ။” – ဟု အမည်မဖော်လိုသည့်အဆိုပါဒေသခံက ဆက်လက်ပြောပြသည်။

ယခုနှစ်ဆန်းပိုင်းကပင် အဆိုပါပြည်သူ့စစ်တပ်ဖွဲ့သည် လားရှိုးမြို့အရှေ့ဘက် မိုင် ၅၀ ကျော်အကွာ မိုင်းကျက်အုပ်စုဝင် ၁၃ ရွာအား လူခွန်ဟုဆိုကာ ကျပ်သိန်း ၅၀ ဆင့်ဆိုခဲ့သေးသည်ဟုလည်း သိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article