Friday, April 19, 2024

နွေမုန်တိုင်းကြောင့်သျှမ်းပြည်အလယ်ပိုင်းတွင်သေကြေပျက်စီးမှုများရှိ  

Must read

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ နယ်နှင့် ကွန်ဟိန်းမြို့နယ်အတွင်း နွေမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ်ခြေနှင့်လယ်ယာခြံထွက်သီးနှံများပျက်စီးမှုများပြားကြောင်းသိရသည်။

မိုးသက်လေပြင်းကြောင့် ကွန်ဟိန်းမြို့ရှိနေအိမ်များ၏အမိုးများလေနှင့်အတူ လွှင့်ပါသွား

မိုင်းရှူးမြို့တွင် မတ်လ ၁၁ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲမှ ၃ နာရီအထိ မိုးသက်လေပြင်းကျရောက်ကာ မိုးသီးများကျမှုကြောင့် ရပ်ကွက်အားလုံးနီးပါး မိုးသီးဒဏ်ခံရပြီး လယ်ယာမြေအတွင်းခြံထွက်သီးနှံ များပျက်စီးကုန်ကြောင်း မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နန်းကောင်ခမ်းက သျှမ်းသံတော်ဆင့် အားပြောပြသည်။

မိုးသက်လေပြင်းကြောင့် ကွန်ဟိန်းမြို့ရှိနေအိမ်များ၏အမိုးများလေနှင့်အတူ လွှင့်ပါသွား

တော်တော်ကြီးတယ်လို့ပြောလို့ရပါတယ်။ မြို့တွင်း ၄ ရပ်ကွက်အထိများတယ်။ အလင်းသွပ်မိုးတဲ့အိမ်တိုင်းက သွပ်တွေလဲရတယ်။ အိမ်ခြံဝင်းမှာစိုက်ထားတဲ့ အသီးအနှံပင်တွေအကုန်ပျက်စီးတယ်။ သရက်သီးတို့ဘာတို့ဆိုအပွင့်တွေအရွက်တွေကြွေကုန်တယ်။ လယ်ယာခြံထဲကအသီးအနှံတွေ အဓိက ဖရဲသီးတွေပေါ့။ အသီးတွေပျက်စီးကုန်တယ်။ ဖရဲခြံရှင်တွေငိုတောင်ငိုတယ်လို့ကြားမိပါတယ်။- ဟု နန်းကောင်ခမ်းကပြောသည်။

ဖရဲသီးများမှာ မိုင်းရှူးမြို့တွင်းနှင့်အနီးအနားတဝိုက်သာရောင်းချသည့်တနိုင်တပိုင်စိုက်ပျိုးရေးခြံဖြစ်ကြောင်း ဆိုပါသည်။ မိုင်းရှူးမြို့တွင်းသာ ကျရောက်ပြီး မြို့ပြင်ကျေးလက်တွင်မူ မိုးသက်လေပြင်းမကျရောက်ဟု သိရပါသည်။

မိုးရှူးမြို့တွင် မိုးသီးများကျရောက်

မတ်လ ၁၀ ရက်နေ့ကမူ မိုင်းရှူးမြို့နယ် တောင်ဘက်တည့်တည့်ရှိ ကွန်ဟိန်းမြို့တွင် မိုးသက်လေပြင်းကျရောက်ရာ ကွန်ဟိန်းမြို့နှင့်ကာလိမြို့နယ်ခွဲတို့ရှိနေအိမ် ၁၀၀ ကျော်ပျက်စီးကာ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။

ဒဏ်ရာရအမျိုးသမီး ၂ ဦးအခု ဆေးရုံမှာဆေးကုသမှုခံယူနေပါတယ်။ ကွန်ဟိန်းမြို့မှာ နေအိမ် ၉၈ လုံးနဲ့ ကာလိမှာနေအိမ် ၁၆ လုံး လေဒဏ်ထိတယ်။ တချို့နေအိမ်တွေဆိုရင် အမိုးလှန်ထွက်ပြီးလေနဲ့ပါသွားတယ်။တချို့အိမ်တွေဆိုရင်ထရံကြီးကွာသွားတယ်။ နေအိမ် ၁၀၀ ကျော် လူဦးရေ ၃၀၀ ၀န်းကျင်ပေါ့နော်မိုးဒဏ်လေဒဏ်သင့်လို့အခုအခက်အခဲကြုံနေရတာက။ သစ်ပင်သစ်ကိုင်းတွေကျိုးကျပျက်စီးတယ်။ ဘုန်းကြီးကျောင်း ၁ ကျောင်း စာသင်ကျောင်း ၃ ကျောင်းပျက်စီးတယ်။ ပြင်ပအလှူရှင်တွေမလာသေးဘူး။ခုလောလောဆယ်တော့ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ဘဲ သွားနေရတယ်။ – ဟု ကွန်ဟိန်းမြို့ ပြည်နယ်လွှတ်တော်အမတ် စိုင်းအောင်ကျော်ဦးခေါ် စိုင်းအွမ်ခမ်း ကပြောသည်။

ကွန်ဟိန်းမြို့တွင်း ၅ ရပ်ကွက်စလုံးအပြင် မြို့ပြင်ကျေးရွာများဖြစ်သည့် နမ့်ခမ်း၊ ၀ိန်းနန်း၊ လိုင်းကမ် ရွာတို့တွင်လည်း မိုးသက်လေပြင်းဒဏ်ခံရသည်ဟုဆို၏။ ကာလိမြို့နယ်ခွဲတွင်မူ မြို့တွင်း ၄ ရပ်ကွက်အနက် ကွန်ဟိန်းတာ့ကော့ကားလမ်း မြောက်ဘက်ခြမ်းရှိ ရပ်ကွက် ၁ နှင့်ရပ်ကွက် ၄ မှာ လေဒဏ်အပြင်းအထန်ခံခဲ့ရကြောင်းလည်းသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article