Thursday, April 18, 2024

အထူးစီးပွားရေးဇုန်စီမံကိန်းတည်ဆောက်မည့်အပေါ် နမ့်ခမ်းမြို့ဒေသခံပြည်သူလူထုမလိုလား

Must read

By- သျှမ်းသံတော်ဆင့်/နန်းသီရိခမ်း(မူစယ်)

သျှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် (ထုန့်မောဝ်ဒေသ) ရွှေလီမြစ်ဝှမ်းနယ်စပ် မူစယ်အထူးစီးပွားရေး ဇုန်စီမံကိန်းတည်ဆောက်ခြင်းအပေါ် နမ့်ခမ်းမြို့ရှိ SNDP ကျားဖြူ ပါတီ နှင့် လူမှုသွေး စည်းညီညွှတ်ရေး အသင်း UP တို့ဦးဆောင်ပြီး ဒေသခံပြည်သူလူထုတွေ့ဆုံပွဲတရပ်ကျင်းပရာ အဆိုပါစီမံကိန်းအားလူထု ကလက်မခံကြောင်းသိရသည်။

နမ့်ခမ်းမြို့ရှိ SNDP ကျားဖြူ ပါတီ နှင့် လူမှုသွေး စည်းညီညွှတ်ရေး အသင်း UP တို့ဦးဆောင်ပြီး ဒေသခံပြည်သူလူထုတွေ့ဆုံပွဲ

တွေ့ဆုံပွဲကို မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ကောင်းနောင်မိုရပ်ကွက် ရှိ တိုင်း(Tai) မင်္ဂလာခန်းမ ၌ ကျင်းပခဲ့ပြီး နမ့်ခမ်းမြို့နေ ဒေသခံပေါင်း ၃၀၀ ဦးထက်မနဲ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သျှမ်းသံတော်ဆင့် မှ သတင်းရရှိသည်။

“ တွေ့ဆုံပွဲမှာ မြို့မိမြို့ဖ လုင်းအောင်ဝင်းက တရုတ်တွေလာလုပ်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းအကြောင်းကို မြေပုံအညွှ့န်းနဲ့တကွအကျယ်တဝင့် ဆွေးနွေးတင်ပြပေးခဲ့တယ်၊ အထူးစီးပွားရေးစီမံကိန်း ဆောက်လုပ်ဖို့ ကြူကုတ်-ပန်ဆိုင်းမြို့နယ် ကစပြီးနမ့်ခမ်းမြို့နယ် အထိ ဇုန် ၅ ဇုန် ခွဲထားပြီး မြေဧကပေါင်း (၂၄၇၀၅.၄၅ ) ဧက သိမ်းယူ အသုံးပြုသွားမယ်လို့သိရတယ်။ အဲလိုဆိုရင် ဒေသခံလူထုရဲ့ စားကျက်မြေ နေထိုင်စရာမြေ တွေလဲ လုံးဝ ပျောက်ကွယ်သွားကြမယ် ၊ အလုပ် လက်မဲ့ ဘဝဖြစ်သွားကြမယ်။ ကောင်း ကျိုးထက် ဆိုးကျိုးက များနေတာတွေ့ရတယ်လို့ ဆွေးနွေးခဲ့ကြပါတယ် ”- တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ နမ့်ခမ်းဒေသခံ စိုင်းပီး ကဆိုသည်။

အထူးစီးပွားရေးဇုန်စီမံကိန်းပြမြေပုံ

မတ်လ ၆ ရက်နေ့က နမ့်ခမ်းမြို့အုပ်ချုပ်ရေးရုံး၌ မြို့မိမြို့ဖများနှင့် အုပ်ချုပ်ရေးပိုင်းအရာရှိများ တွေ့ဆုံ ဆွေးနွေးမှုပြုနေစဉ် တရုတ်ပြည်ဘက်မှ ကုမ္ပဏီ တာဝန်ရှိလူကြီးများ အယောက် ၅၀ ခန့် ရောက်ရှိလာပြီး အထူးစီးပွားရေးဇုန်စီမံကိန်း ဆောက်လုပ်ရန်အတွက် ရှင်းလင်းခဲ့ကြောင်းသိရသည်။

အဆိုပါတရုတ်တို့၏ စီမံကိန်းကို လူထုဆန္ဒခံယူပြီးမှ အကောင်အထည်ဖော်သင့်ကြောင်း မြို့မိမြို့ဖ ဦးလုံးဆိုင်သျှိုင်ဝမ်း ကပြောပါသည်။

“ ပြည်သူလူထုများ၏ ဘိုးဘွားပိုင်မြေ များကို မတရားသိမ်းပြီး ဆောက်လုပ်မယ့် စီမံကိန်းကို ကျနော်တို့ လုံးဝ သဘောမတူပါဘူး၊တကယ်လို့များ အဲ့ဒီစီမံကိန်းသာဖြစ်သွားခဲ့ရင် ကျနော်တို့ ဆန်စပါးစိုက်ပျိုးဖို့ မြေတွေ ရှိ တော့မှာ မဟုတ်ဘူး၊ ကျနော်တို့ လယ်သမားတွေလဲ အလုပ်လက်မဲ့ဖြစ်သွားကြမယ်၊ ဒါကြောင့် ဒီစီမံကိန်း ကို ကျနော်တို့ တောင်သူလယ်သမားအဖွဲ့ က ကန့်ကွက်ပါတယ်။ ဒေသခံပြည်သူလူထုများလည်း ကျနော်တို့နဲ့ အတူ ပူးပေါင်းပြီး ကန့်ကွက်ကြပါလို့ ပြောကြားလိုပါတယ် ” ဟု နမ့်ခမ်းမြို့တောင်သူလယ်သမားအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ စိုင်းအောင်မြင် က ပြောသည်။

မတ်လ ၉ ရက်နေ့တွေ့ဆုံပွဲသို့တက်ရောက်လာသော နမ့်ခမ်းဒေသခံများအနေဖြင့်လည်း (ထုန့်မောဝ်ဒေသ ) ရွှေလီမြစ်ဝှမ်းနယ်စပ်၌ တည်ဆောက်မည့် အထူးစီးပွားရေးဇုန်စီမံကိန်းကို သဘောမတူကြကြောင်း၊ နိုင်ငံတော် အစိုးရထံ စုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်ကြမည်ဖြစ်ကြောင်း တဖက်တွင်လည်း ဆန္ဒထုတ်ဖော်ပွဲများ ပြု လုပ်ကျင်းပ ကြမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးပွဲ ၌ သဘောတူညီချက်များရရှိခဲ့သည်ဟု သိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article