Tuesday, April 23, 2024

ကျိုင်းတုံအကျဉ်းထောင်ရှိ RCSS/SSA ၏ တပ်သား ၂ ဦးပြန်လည်လွှတ်မြောက်

Must read

သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ အချုပ်ခန်းတွင် ၇ လကြာဖမ်းဆီးချုပ်နှောင်ထားခြင်းခံရသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်သား ၂ ဦးပြန်လွှတ်မြောက်ပြီဖြစ်ကြောင်းသိရသည်။

ဌာနချုပ်လွယ်တိုင်းလျန်းရှိ RCSS/SSA တပ်သားများ

RCSS/SSA ၏ တပ်သားများဖြစ်ကြသော စိုင်းလုံနှင့်စိုင်းဆေလုံ အား ပြီးခဲ့သည့် တနင်္လာနေ့ မတ်လ ၅ ရက်နေ့မနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

“မတ်လ ၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲမှာ ကျိုင်းတုံစရဖနဲ့ ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူးတွေကနေ RCSS/SSA ရဲ့ တပ်သား ၂ ဦး စိုင်းလုံနဲ့ စိုင်းဆေလုံကို ကျနော်တို့ရဲ့ ကျိုင်းတုံမြို့ RCSS/SSA ဆက်ဆံရေးရုံးတာဝန်ခံကိုလွဲပြောင်းပေးတယ်။ သူတို့က အချုပ်ခန်းမှာ ရ လနေရတယ်။ တရားရုံးကို ၆ ကြိမ်တက်ရတယ်။ပြီးမှအာမခံနဲ့ပြန်လွှတ်ပေးတာ “- ဟု ကျိုင်းတုံမြို့ RCSS/SSA ဆက်ဆံရေးရုံးတာဝန်ခံကပြောသည်။

စိုင်းလုံနှင့် စိုင်းဆေလုံကို မိုင်းပျင်းမြို့နယ် မိုင်းပူးလုံအုပ်စု ကိန်းဟင်ရွာတွင် ဂျူလိုင်လ ၂၅ ရက်နေ့က မိုင်းဆတ်အခြေစိုက် ခမရ ၅၂၇ စစ်ကြောင်းက ဖမ်းဆီးလိုက်ပြီး ကျိုင်းတုံအကျဉ်းထောင်သို့ပို့ဆောင်ချုပ်နှောင်လိုက်ခြင်းဖြစ်သည်။

၄င်းတို့အား လက်နက်ကိုင် ဆောင်မှု၊ စကားပြောစက်ကိုင်ဆောင်မှု၊ လူထုထံက အခွန်ကောက်ခံမှုတို့ဖြင့် တရားစွဲဆိုရာ အစိုးရတပ်မတော်၏ စွပ်စွဲပြောဆိုမှုမှာခိုင်မာမှုမရှိကြောင်း RCSS/SSA ဘက်က တုန့်ပြန်ကာတရားရင်ဆိုင်ခဲ့သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရ တပ်မတော် နှင့် တစ်နို်င်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသောကြောင့် နေပြည်တော်အစိုးရမှ ၂၀၁၅ အောက်တိုဘာ က မတရားအသင်းမှ စာရင်းပယ်ဖျက်ထားသည့် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ် တခုဖြစ်ပါသည်။

Leave a Comments

- Advertisement -spot_img

Latest article