Tuesday, April 23, 2024

ရခိုင် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာအေးမောင်ဖမ်းဆီးခံရမှု သျှမ်းခေါင်းဆောင်များထံ ဂယက်ရိုက်

Must read

နိုင်ငံတော်သစ္စာဖေါက်မှုဟုဆိုကာ ဒေါက်တာအေးမောင် ဖမ်းဆီးခံရမှုသည် သျှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU ဉက္ကဌ ရာထူးလွှဲပြောင်းတာဝန်ယူရေးအတွက်စီစဉ်နေသည့် သျှမ်းခေါင်းဆောင် များအတွင်း ဂယက်ရိုက်စေသည်ဟု အတွင်း ရေးမှူးများအဖွဲ့ က ပြော သည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ဥက္ကဌ ရာထူးအား လာမည့်လဆန်းပိုင်းအတွင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပကာ လွှဲအပ်မည်ဖြစ်ကြောင်း၊ သျှမ်းနှင့်ရခိုင်အသွင်သဏ္ဌာန် ကွာခြားမှု မရှိသော ကြောင့် ထိုကဲ့သို့ ပြဿနာမျိုးမဖြစ်ပေါ်စေရေးအတွက် အဘက်ဘက် ဆွေးနွေးတိုင်ပင်ကာ နားလည်မှု ရယူရ မည်ဖြစ်ကြောင်း အတွင်းရေးမှူးအဖွဲ့ဝင် စဝ်ပင်ခမ်းက ပြောသည်။

“ဒေါက်တာအေးမောင်ကို ဖမ်းဆီးတဲ့ကိစ္စက မဖြစ်သင့်ဘူး။ ဒီအချိန်က ယုံကြည်မှု နဲ့ ပြည်ထောင်စု ကြီးကို ဝန်းရံပြုပြင်ဖို့ လုပ်နေတဲ့အချိန်လေ။ သျှမ်းမှာလဲ အဲလိုပါဘဲ ။ ၂၀၁၇ ဩဂုတ်လ တုန်းက သျှမ်းအစည်းအဝေးကို နိုင်ငံခြားသားပါလို့၊ မတရား အသင်းပါလို့ ဆိုပြီး ထိုင်းအစိုးရ ကနေ တဆင့် တပ်မတော်က ဟန့်တားတာတွေရှိတယ်။ လူထု နဲ့ ဆင်းတွေ့တုန်းကလဲ တပ်အင်အားနဲ့ ဝင်ရောက် ဟန့်တားတဲ့ ကိစ္စတွေ ရှိခဲ့ဖူးတယ်ဆိုတော့ – ဒေါက်တာအေးမောင်ကိုလုပ်သလို မလုပ်ဘူးလို့ မပြောနိုင်ဘူး။ လုပ်ငန်းအဆင်ပြေအောင်ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးသွားမှာဘဲ” – ဟု စဝ်ပင်ခမ်းက ပြော သည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ဥက္ကဌ ရာထူးအား တနှစ်တကြိမ်အလှည့်ကျတာဝန်ယူ ထမ်းရွက်ကြသည်။ ယခု ၂၀၁၈-၁၉ ခု တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်းမှ တာဝန်ယူထမ်းရွက်ရမည်ဖြစ်သည်။

“ဥက္ကဌလုပ်ဖို့ အန်ကယ် တို့ရဲ့ အလှည့်လေ။ အန်ကယ်တို့တော့ CSSU ဥက္ကဌ အတွက် တာဝန်ထမ်းရွက်ဖို့ အဆင့်သင့်ဘဲ” – ဟု SNDP ဥက္ကဌ စိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU လုပ်ငန်းများအတွက် လူထုနှင့်တွေ့ဆုံစဉ် ပါဝင်ကူညီ သည့် တက်ကြွလှုပ်ရှားသူ သျှမ်းလူငယ်စိုင်းခမ်းက – “ဒီအချိန် ကျနော်တို့ ခေါင်းဆောင်တွေ သတ္တိပြဖို့လို တယ်။ တပ်မတော်ကတော့ သူ့ရဲ့ဇာတိသကန် တဖြည်းဖြည်းပြန်ပြလာပြီ။ လူထုနဲ့ ဆင်းတွေ့ တဲ့ ကျနော် တို့ အဖွဲ့တွေကို စာရင်းလိုက်ကောက်တာ။ ဘယ်သူဘယ်ဝါဘာလုပ် တယ်ဆိုတာ စုံစမ်းမေးမြန်းတာတို့ လိုက်လုပ်နေတယ်။ ကျနော်တို့ ခေါင်းဆောင်တွေကို အန္တရာယ်မပြုလာနိုင်ဘူးလို့ ပြောလို့မရဘူး။ ကျနော်တို့ တန်းတူရေးအတွက် ကျနော်တို့ ခေါင်းဆောင်တွေ သေလဲသေရဲတယ်။ထောင်လဲကျရဲတယ်။ အားလုံး စွန့်လွတ်စွန့်စားရဲတယ် ဆိုတဲ့ သတ္တိကို ပြဖို့ အချိန်တန်ပြီ” – ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာအေးမောင် နှင့် စာရေးဆရာ ဝေဟင်အောင် တို့အား မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဂျန္နဝါရီ ၁၈ ရက်နေ့က ဖမ်းဆီးပြီး နိုင်ငံတော် ပုန်ကန်မှု ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၁ (ခ) (ဂ) နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ စသည့် ပုဒ်မ များဖြင့် တရားစွဲဆိုခံရဖွယ်ရှိနေသည်ဟုသိရပါသည်။ ဖမ်းဆီးခံရမည်ဆိုသည့် သတင်း ကြိုသိထားသော်လည်း ဒေါက်တာအေးမောင်အနေဖြင့် အမှန်တရားအတွက် တခြားတပါးသို့ တိမ်းရှောင် ခြင်း မရှိဘဲ နေအိမ်မှာ ဆက်ရှိနေလို့ အဖမ်းခံရတာဖြစ်သည့်အပြင် နေပြည်တော် ပြည်သူ့ လွှတ်တော် ဥက္ကဌ ကလည်း ၎င်းအားဖမ်းဆီးဖို့ ခွင့်ပြုပေးထားသည်ဟုလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article