Friday, March 29, 2024

တီကျစ် ကျောက်မီးသွေး စက်ရုံ ပိတ်သိမ်းရန် ဒေသခံများ ဆန္ဒပြ

Must read

လူပေါင်းများစွာ ၏ နဖူးတွင် “ No Coal” ဆိုသည့် အနီရောင် နဖူးစည်း ပတ်ကာ တချို့မှာ လက်ပတ်တွင် ပတ်ထားကြပြီး လူထု ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ မျိုးမင်းလတ်/ ယနေ့ တီကျစ် ကျောက်မီးသွေး စက်ရုံ ပိတ်သိမ်းရေး ဆန္ဒချီတက်

ထို ဆန္ဒပြသူ အများစု လက်တွင်လည်း “ သဘာဝ နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်စေသော ကျောက်မီးသွေး စက်ရုံ နှင့် ကျောက်မီးသွေး မိုင်း အမြန် ပိတ်သိမ်းရေး” “ ကျွနု်ပ်တို့၏ ဘဝနှင့် အနာဂတ် ကို မရောင်းပါနှင့်” ဆိုသည့် ဗီနိုင်း အနီရောင်ကို တချို့ က ကိုင်ကာ စီတန်း လှည့်လည်နေကြသည်။

တချို့ က“ ဒေသနေ တိုင်းရင်းသား များနှင့် ပြည်သူများ သည် အစမ်းသပ်ခံလူသားများမဟုတ်” “ လူထုအား ကာကွယ်ပေးသော အစိုးရ ကို ကျွနု်ပ်တို့ အလိုရှိ” ဟုသည့် ဗီနိုင်း အနီရောင် ကို ကိုင်သူ ကာ ကိုင်ကာ လှည့်လည်နေကြသည်။

ထိုဆန္ဒပြ စီတန်းလှည့်လည်မှုသည် ယနေ့( အောက်တိုဘာ ၃၀) ရက် ၌ သျှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ် ကျောက်မီးသွေး စက်ရုံ တည်ရှိသည့် နေရာတွင်ဖြစ်သည်။

ဆန္ဒပြ စီတန်းလှည့်လည်ရသည့် အကြောင်းရင်းမှာ တီကျစ် ကျောက်မီးသွေး စက်ရုံ ကို မြန်မာ E-Guard Environmental Service ကုမ္ပဏီ မှ EIA အစီရင်ခံစာ လျော်ချော်မှု ရှိနေပြီး၊ အမှားအယွင်း ရှိနေသော်လည်း ကျောက်မီးသွေး စက်ရုံ စမ်းသပ် ကာလ ၃နှစ် ထပ်မံ ပေးလိုက်သည့် အပေါ် လူထု ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီနေ့ လူဦးရေ ၁၅၀၀ ရှိတယ်။ ဒေသခံ တိုင်းရင်းသားတွေဖြစ်တဲ့ သျှမ်း၊ ဓနု၊ ပအိုဝ်း တွေပါတယ်။ နောက် တီကျစ် စက်ရုံက တိုင်းရင်းသားအရေး ဖြစ်တယ်ဆိုပြီး ကျနော်တို့ကို ဝန်းရံတာကတော့ ကယားပြည်နယ်က ကရင်နီ၊ ကယန်းတွေ လာပါတယ်။ နောက်ပြီးတော့ ကရင်တိုင်းရင်းသားတွေလည်း ပါတယ်” ဟု MATA မှ ကိုယ်စားလှယ် အဖွဲ့ ကိုအောင်ကျော်မိုးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

ဆန္ဒထုတ်ဖော်မှုကို တီကျစ် ဒေသရှိ အောင်ပန်း- ပင်လောင်း ကားလမ်းပေါ် ရှိ စိုက်ပျိုးရေး ရုံး တွင် မနက် ၉ နာရီခွဲ မှ စတင် ထွက်ပြီး နောက် ကျောက်မီးသွေး ပြာ ဂိုဒေါင် ရှေ့တွင် လူထု ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း လည်း ကိုအောင်ကျော်မိုး က ပြောပြသည်။

အဆိုပါ ဆန္ဒပြ ပွဲ နှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်း၊ အာဏာပိုင်မှ လာရောက် နှောင့်ယှက်ခြင်းမရှိကြောင်း၊ ရဲတပ်ဖွဲ့ မှလည်း လုံခြုံရေး ယူပေးကြောင်းလည်း ကိုအောင်ကျော်မိုး က ထပ်လောင်းပြောသည်။

“ ငြိမ်း၊စု၊စီ ဥပဒေ တိုက်ရိုက်ပတ်သက်တဲ့ ရဲတပ်ဖွဲ့ က လုံခြုံရေး ပေးပါတယ်။ ကျောက်မီးသွေး စက်ရုံဝန်ထမ်း တွေတော့ စက်ရုံ အပြင်မှာ စုရုံနေတာရှိတယ်။ ဒါပေမယ့် ပြဿနာတော့ မရှိခဲ့ဘူး” ဟု ကိုအောင်ကျော်မိုးက ဆိုသည်။

ဓာတ်ပုံ မျိုးမင်းလတ်/ ယနေ့ တီကျစ် ကျောက်မီးသွေး စက်ရုံ ပိတ်သိမ်းရေး ဆန္ဒချီတက်

တီကျစ် ကျောက်မီးသွေး စက်ရုံ သည် တိုင်းရင်းသား အပေါ် မတရားဖိနှိပ်သည့် ဟု ယူဆကြောင်း ဆန္ဒပြပွဲကို ကူညီအားဖြည့်ပေးသည့် ကရင် သဘာဝပတ်ဝန်းကျင် အဖွဲ့မှ စောသာဘို က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ တီကျစ် ကျောက်မီးသွေး စက်ရုံ က တိုင်းရင်းသားအားလုံး နဲ့ ဆိုင်တဲ့ ကိစ္စပါ။ တီကျစ် ကျောက်မီးသွေး စက်ရုံက သျှမ်းပြည်နယ်မှာလုပ်တယ်။ လုပ်တဲ့အခါမှာ လုပ်ထုံးလုပ်နည်းနဲ့မညီဘူး။ ဒေသခံတွေအတွက် အကျိုးမရှိဘူး။ သဘာဝပတ်ဝန်းကျင်အနေနဲ့လည်း ပျက်စီးတယ်” ဟု စောသာဘို ကဆိုသည်။

ကျောက်မီးသွေး စက်ရုံ ကို တကမ္ဘာလုံး ရပ်ဆိုင်းရန် ပြင်နေချိန်၊ မြန်မာနိုင်ငံ တနိုင်ငံလုံး ရှိသည့် ပြည်နယ်၊ တိုင်း ဒေသ များတွင် ကျောက်မီးသွေး စက်ရုံ လုပ်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။

တီကျစ်ဒေသခံ ပြည်သူ ၁၅၀၀ လမ်းပေါ်ထွက် ဆန္ဒပြလာသည့် ကို အစိုးရ အနေဖြင့် အလေးထားကာ တာဝန်ယူရန် လိုအပ်ကြောင်း၊ ဒေသခံများ တောင်းဆိုသည့် ကျောက်မီးသွေး ကုမ္ပဏီ ရပ်ဆိုင်းရန် ကိုလည်း အစိုးရ လုပ်ဆောင်းပေးရန် စောသာဘို က တိုက်တွန်း ပြောဆိုလိုက်သည်။

ဓာတ်ပုံ မျိုးမင်းလတ်/ ယနေ့ တီကျစ် ကျောက်မီးသွေး စက်ရုံ ပိတ်သိမ်းရေး ဆန္ဒချီတက်

တီကျစ် ကျောက်မီးသွေး စက်ရုံ ကြောင့် ဒေသခံပြည်သူများ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်မှု ရှိကြောင်း၊ စိုက်ပျိုးရေး အတွက် ရေ ခက်ခဲကြောင်းလည်း ဒေသခံများ ပြောဆိုလိုက်သည်။

ဒေသခံ ကျန်းမာရေး တွင် တီကျစ် ဒေသ အတွင်းနေထိုင်သည့် အမျိုးသမီး အများစုသည် ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးဖွားလာသည့် ကလေးငယ်များ ကိုယ်လက်အင်္ဂါ မပြည့်မီခြင်း နှင့် ကလေးငယ်များ၏ ဆံပင်တွင် သတ္တုဆိပ်သင့်နေကြောင်း သိရသည်။

“ ကျနော်တို့ ဒေသခံတွေ စိုက်ပျိုးရေးအတွက် ရေခက်ခဲလာတော့ လယ်ယာလုပ်စားလို့မရတော့ဘူး။ နောက် စက်ရုံက လယ်ယာအတွက် လွှတ်ပေးတယ်ဆိုပြီး ရေဆိုးတွေပဲ လွှတ်ပေးတယ်” ဟု တီကျစ် ဒေသခံ စိုင်းစံညွန့် က ပြောသည်။

တီကျစ် ကျောက်မီးသွေး ရပ်တန့်ဖို့ အတွက် တီကျစ်ဒေသခံများသည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်တွင် တကြိမ်၊ ၂၀၁၈ တွင် တကြိမ် နှင့် လက်ရှိ ၂၀၁၉ တွင် တကြိမ် ပြုလုပ်ခဲ့သည်။

“ ကျနော်တို့ ဘာကြောင့် ဆန္ဒတွေ ထုတ်ဖော်နေရလည်း ဆိုတာ အစိုးရ တွေ သိစေချင်တယ်။ကျနော်တို့ခက်ခဲမှုတွေ မြင်စေချင်တယ်” ဟု စိုင်းစံညွန့်က ပြောသည်။

အစိုးရ အနေဖြင့် အရင်းရှင် မျက်နှာပဲ မမြင်ဘဲ ကျေးလက်ဒေသ ပြည်သူများ၏ ဘဝကို စာနာပေးရန် လည်း စိုင်းစံညွန့် က တောင်းဆိုလိုက်သည်။

ဓာတ်ပုံ မျိုးမင်းလတ်/ ယနေ့ တီကျစ် ကျောက်မီးသွေး စက်ရုံ ပိတ်သိမ်းရေး ဆန္ဒချီတက်

“ ဖြစ်နိုင်ရင် ကျောက်မီးသွေး တူးဖော်မှု အမြန်ဆုံး ရပ်ပေးဖို့။ မနက်ဖန် သန်ဘက်ခါ ပိတ်ရင်ပိုတောင်ကောင်းတယ်” ဟု စိုင်းစံညွန့် က ဆိုသည်။

ယမန်နေ့တွင် တီကျစ် ရှိ အများပြည်သူပိုင် ဘုရားကုန်းနေရာတွင် ဓာတ်ပုံရိုက်သည့် MATA အဖွဲ့ နှင့် သတင်းထောက်များကို ဧဒင် ကုမ္ပဏီ ဝန်ထမ်း ၅၀ ကျော်က လာရောက် ပိတ်ဆို့ ဝိုင်းခဲ့သည်။

တီကျစ် ကျောက်မီးသွေး လှည်ပတ်ရန် အတွက် သက်တမ်း ၃နှစ်တိုးပေးလိုက်ခြင်းသည် အစိုးရ မှ ဒေသခံ ပြည်သူများကို လိမ်ညာလိုက်ခြင်းဖြစ်ကြောင်းလည်း ယနေ့ ဆန္ဒထုတ်ဖော်ချီတက် သည့် ပြည်သူများက ပြောသည်။

တီကျစ်ကျောက်မီးသွေး စက်ရုံ ပိတ်သိမ်းရေး ..ဒို့အရေး… ဧဒင် ကျောက်မီးသွေး မိုင်း ပိတ်သိမ်းရေး… ဒို့အရေး. ဝူရွှီဟာကွမ်း ကုမ္ပဏီ အလိုမရှိ… ဧဒင် ကုမ္ပဏီ အလိုမရှိ ဆိုသည့် ကြွေးကြော်သံများသည် တီကျစ် ဒေသ ကို လွှမ်းမိုးသွားသည့်နေ့ရက်တရက်လည်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article