Wednesday, April 24, 2024

သီတင်းကျွတ်လပြည့်နေ့  အဝေရာကွင်းတွင် မီးပုံးပျံ ပြုတ်ကျ ကားမီးလောင်မှု ဖြစ်ပွား

Must read

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ တွင် သီတင်းကျွတ်လပြည့်ည အပျော်လွှတ် မီးပုံးပျံတလုံး ပြုတ်ကျရာ ကားတစီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Photo SHAN- အောက်တိုဘာလ ၁၃ ရက်ည တောင်ကြီးအဝေရာမီးပုံးပျံကွင်းမှာ အပျော်တမ်းမီးပုံးပျံကျလို့ မီးလောင်သွားတဲ့ကားတစီး

အောက်တိုဘာ ၁၃ ရက်  ည ၁၁ နာရီခွဲ က သီတင်းကျွတ်လပြည့်နေ့  အပျော်လွှတ်သည့် မီးပုံးပျံ လေတိုက်ရာမှ ပြုတ်ကျကာ ကားမီးလောင်မှုဖြစ်ပွားခဲ့သည် ဟု သျှမ်းပြည်နယ် မီးပုံပျံပညာရှင်များအသင်း ဥက္ကဌ ဒေါက်တာ သန်းဝင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မနေ့က မီးပုံးပျံ ပြုတ်ကျပြီး ကားတစီးမီးလောင်တယ်။ ဒါက သီတင်းကျွတ်လပြည့်နေ့ အပျော်လွှတ်တဲ့ မီးပုံပျံပါ။ ကျနော်တို့ပြိုင်ပွဲဝင်မယ့် မီးပုံပျံမဟုတ်ဘူး။  ကားကဘာကြောင့် မီးပုံပျံကွင်းမှာလာထားရတာလဲ  အဲတာတော့ကျနော်တို့လည်းသဘောမပေါက်ဘူး” ဟု ဒေါက်တာ သန်းဝင်း က ပြောသည်။

Photo SHAN- အောက်တိုဘာလ ၁၃ ရက်ည တောင်ကြီးအဝေရာမီးပုံးပျံကွင်းမှာ အပျော်တမ်းမီးပုံးပျံကျလို့ မီးလောင်သွားတဲ့ကားတစီး

 

လေတိုက်မှုကြောင့် မီးပုံးပျံ ပြုတ်ကျသည့်နေရာတွင် အိမ်စီးကား ၃ စီး ရပ်ထားရာ၊ ၂ စီးမှာ အချိန်မှီရွှေ့နိုင်သဖြင့် လွှတ်သွားကြောင်း၊ လက်ရှိ မီးလောင်ခံရသည့် ကားမှာမူ ယခုတိုင်ကားပိုင်ရှင် မတွေ့သေးကြောင်းလည်း ဒေါက်တာသန်းဝင်းက ဆိုသည်။

“ မနေ့က မီးပုံးပျံ ကွင်းမှာ ကားတစီး မီးလောင်နေတယ် ဆိုလို့ ကျနော်တို့သွားကြည့်တယ်။ အခုလည်း မီးလောင်သွားတဲ့ကားသမားကို လိုက်ရှာနေတယ်။ ကားပိုင်ရှင် မတွေ့သေးဘူး” ဟု တောင်ကြီးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်ဝင်းဆွေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo SHAN- အောက်တိုဘာလ ၁၃ ရက်ည တောင်ကြီးအဝေရာမီးပုံးပျံကွင်းမှာ အပျော်တမ်းမီးပုံးပျံကျလို့ မီးလောင်သွားတဲ့ကားတစီး

မီးလောင်ဆုံးရှုံးသည့် ကားတန်ဖိုးမှာ ကျပ်သိန်း ၂၀ ကျော်ရှိသည်ဟုလည်း ဒုရဲမှူး ကျော်ဝင်းဆွေ က ပြောသည်။

လက်ရှိမှာ မီးပေါ့ဆမှုဖြင့် ကားပိုင်ရှင်ကို ရာဇာသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားပြီး ကားပိုင်ရှင်ကို စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။

တောင်ကြီးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကိုမူ နိုဝင်ဘာလ ၄ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article