Friday, March 29, 2024

အဖမ်းခံရသည့် တာမိုးညဲမြို့ ရဲတပ်ဖွဲ့ဝင် ၄ ဦး ယနေ့တိုင် မလွှတ်သေး

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း တာမိုးညဲမြို့ မုံးစီးကျေးရွာ အုပ်စု ရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရမှုတွင်  ယနေ့တိုင် ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။

Photo Credit to KNG news- ကွတ်ခိုင် -တာမိုးညဲ-မုံးစီး တည်နေရာပြမြေပုံ

မုံးစီးကျေးရွာ အုပ်စု ရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ ၄ ဦး ကို   တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ က  စက်တင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားရာ  ယနေ့တိုင် ပြန်မလွှတ်ပေးသေးကြောင်း သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အခုထိတော့ ပြန်မလွှတ်သေးဘူး။ သူတို့ လောဆယ်တော့ ညှိနှိုင်းဆောင်ရွက်နေတုန်းပါ။ ဘာမှ သတင်းမကြားသေးဘူး။ ဘယ်အဖွဲ့အစည်းဆိုတာ တိတိကျကျ မသိသေးဘူး” ဟု ရဲမှူးချုပ် ဇော်ခင်အောင် က ဆိုသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားသည့် လက်နက်ကိုင် တပ်ဖွဲ့ က သက်ဆိုင်ရာ စခန်းမှူး၏ ဇနီးထံ ဖုန်းဆက်ကာ စိတ်မပူရန်နှင့် စိစစ်ပြီး ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း  ဖုန်းဆက် အကြောင်းကြားခဲ့သည်ဟုလည်း ရဲမှူးချုပ် ဇော်ခင်အောင် ကပြောသည်။

“သက်ဆိုင်ရာ စခန်းမှူး ဇနီးကို ဖုန်းဆက်တယ်။ စိတ်မပူနဲ့ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ တရားဝင်တော့ ကျနော်တို့မသိသေးဘူး” ဟု ရဲမှူးချုပ် ဇော်ခင်အောင် ကပြောသည်။

လက်နက်ကိုင် တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ မုံးစီးကျေးရွာ အုပ်စု ရဲစခန်း မှ ရဲအုပ်၊ ဒု ရဲအုပ်၊ တင်ကြပ်ကြီး နှင့် ဒုတပ်ကြပ် တို့ ဖြစ်ကြောင်း သိရသည်။

မုံးစီးကျေးရွာ အုပ်စု တွင် အရပ်ဝတ် ဖြင့် လူထုထံ ပိုက်ဆံကောက်နေသည်ဆိုသည့် သတင်းကြားရသဖြင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော် က မီဒီယာများကိုဖြေကြားခဲ့သည်။

“  ဖမ်းဆီးစစ်ဆေးကြည့်တော့ လက်ပစ်ဗုံးပါတယ်၊ ငွေကောက်ခံတဲ့ ပြေစာပါတယ်။ သူတို့က မုံးစီး ရဲစခန်းကလို့ပြောတယ်” ဟု တားအိုက်ကျော် က မီဒီယာများအား ဖြေကြားထားသည်ကိုတွေ့ရသည်။

သို့သော်  TNLA  အား သျှမ်းသံတော်ဆင့် က သီးသန့် ဆက်သွယ် မေးမြန်းရာတွင် ဆက်သွယ်၍မရခဲ့ပေ။

ထိုဒေသတွင် TNLA၊ ကိုးကန့် အဖွဲ့ (MNDAA) နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIA)တို့ လှုပ်ရှားသည့်နေရာ ဒေသ ဖြစ်သည်။

 

Leave a Comments

- Advertisement -spot_img

Latest article