Saturday, April 20, 2024

တိုက်ပွဲကြောင့် ကွတ်ခိုင်ဒေသခံ ၄၀၀ ကျော်စစ်ဘေးရှောင်နေရ

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကုန်းဆာကျေးရွာအနီး တွင်ဖြစ်ပွါးသော တိုက်ပွဲကြောင့် ဒေသခံလူထု ၄၀၀ ကျော် နေရပ်မှထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

Photo by ကွတ်ခိုင် ပရဟိတ အဖွဲ့ -စက်တင်ဘာလ ၂၄ ရက်က ဖြစ်ပွါးသောတိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံရွာသားများ

စက်တင်ဘာလ ၂၄ ရက် ယမန်နေ့က ကွတ်ခိုင်မြို့နယ် ကုန်းဆာကျေးရွာ တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့်  အစိုးရတပ်မတော် တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ရှောင် ၄၀၀ ကျော်ရှိကြောင်းသိရသည်။

၎င်းနှင့်ပတ်သက်ပြီး ကွတ်ခိုင်မြို့ ဂရုဏာ လူမှု ကူညီရေး အသင်းမှ ဦးတင်ဝင်း က – ကုန်းဆာကျေးရွာ ဒေသခံ ၁၃၀ ကျော်မှာ မန်တုံရွာ သို့ စစ်ရှောင်နေရပြီး၊ လောမွန်ကျေးရွာ ဒေသခံ၊ မန်အိုင်ကျေးရွာ ဒေသခံ နှင့် ပါဂျူးကျေးရွာဒေသခံတို့မှာ ဘုန်ကြီးကျောင်းနှင့် ဘုရားကျောင်းများ သို့ စစ်ရှောင်နေရကြောင်း – သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မနေ့က တိုက်ပွဲ ဖြစ်တော့ စစ်ရှောင်လာတဲ့သူတွေပါ။ အားလုံးက ၄၀၀ နီးပါးရှိမယ်။ ပါဂျူးကျေးရွာ ဘက်က အတွင်းပိုင်း ကျတော့ သွားရခက်တယ်။ လမ်းပန်းခက်ခဲတယ်” ဟု ဦးတင်ဝင်း ကပြောသည်။

ထို စစ်ရှောင်များအတွက် အစားအစာနှင့်ရေများလိုအပ်နေကြောင်း လည်း ဦးတင်ဝင်းက ပြောသည်။

တိုက်ပွဲနှင့် ပတ်သက်ပြီး ဦးတင်ဝင်းက “ ဒီနေ့ မနက်တော့ လက်နက်ကြီးသံတွေ ကြားနေရသေးတယ်။ အခုတော့ ငြိမ်သွားပြီ။ မနေ့ကတော့ တိုက်ပွဲပြင်းတယ်” ဟု ဆိုသည်။

Photo by ကွတ်ခိုင် ပရဟိတ အဖွဲ့ -စက်တင်ဘာလ ၂၄ ရက်က ဖြစ်ပွါးသောတိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံရွာသားများ

ကွတ်ခိုင်မြို့နယ် အတွင်း ယနေ့ TNLA နှင့် အစိုးရတပ်မတော် တို့ တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း၊ မြန်မာ့တပ်မတော် ဘက်မှ တဖက်သတ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်း TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော် ကသျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒီနေ့ ကျနော်တို့တိုက်ပွဲမဖြစ်ဘူး။ မြန်မာ့တပ်ဘက် က တဖက်သက် လက်နက်ကြီးနဲ့ပစ်တာ။ တိုက်ပွဲမဖြစ်ဘူး” ဟု ဗိုလ်မှူး တားအိုက်ကျော် က ပြောသည်။

စက်တင်ဘာ ၁၇ ရက်နေ့ က မြောက်ပိုင်း မဟာမိတ် (၄)ဖွဲ့ နှင့် အစိုးရတပ်မတော်တို့ ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေးပွဲနောက်ပိုင်း ကျောက်မဲမြို့နယ် တွင် တကြိမ်၊ သီပေါမြို့နယ်တွင် တကြိမ် TNLA နှင့် အစိုးရတပ်မတော် တို့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းလည်း ဗိုလ်မှူး တားအိုက်ကျော်က ပြောသည်။

ညီနောင် မဟာမိတ် (၃)ဖွဲ့သည် တဖက်သတ် အပစ်ခတ်ရပ်စဲရေး ကို ဒီဇင်ဘာ ၃၁ ရက်နေ့ထိ တိုးမြှင့်လိုက်ပြီး၊ အစိုးရတပ်မတော်မှ စက်တင်ဘာ ၂၁ရက်နေ့တွင် စစ်တိုင်း (၅)တိုင်း တွင် တဖက်သတ် အပစ်ခတ်ရပ်စဲရေး ကုန်ဆုံးခဲ့ပြီး ထပ်မံ မတိုးခဲ့ကြောင်း သိရသည်။

 

Leave a Comments

- Advertisement -spot_img

Latest article