Tuesday, April 23, 2024

မီဒီယာဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေရန် တိုင်းရင်းမီဒီယာ တောင်းဆို

Must read

မီဒီယာဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေရန် တိုင်းရင်းမီဒီယာများက တောင်းဆိုလိုက်သည်။

Photo Credit to EMC- စက်တင်ဘာလ ၁၈ ရက်နေ့ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်

ကချင်ပြည်နယ် မြစ်ကြီးနား တွင်  ပြုလုပ်သော သတ္တမကြိမ်မြောက် တိုင်းရင်း မီဒီယာ ညီလာခံ အပြီး စက်တင်ဘာ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင် ရေးသားတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

လက်ရှိ မီဒီယာ ဥပဒေ၊ နည်းဥပဒေသည် မြန်မာဘာသာ သီးသန့်ဖြစ်နေကြောင်း၊ တိုင်းရင်းသားပြည်သူများကို ပါ မီဒီယာ ဥပဒေ၊နည်းဥပဒေ သိရှိဖတ်ရှုလေ့လာနိုင်ရန် တိုင်းရင်းသား ဘာသာစကားဖြင့် ထုတ်ဝေရန် တောင်းဆိုခြင်း ဖြစ်ကြောင်း နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ဥက္ကဌ နန်းဖော့ဂေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယခုရှိနေတဲ့ မီဒီယာ ဥပဒေ၊ နည်းပညာတွေက မြန်မာဘာသာပဲဖြစ်နေတဲ့အခါကျတော့ တိုင်းရင်းသားပြည်သူတွေ တိုင်းရင်းသား တွေပါသိရှိအောင် လို့ ၊ နောက် သတင်းသမားပဲ သိရှိရမှာမဟုတ်ဘူး။ သတင်းပေးသူတွေ(source) တွေပါ ဖတ်ရှုလေ့လာလို့ရအောင်လို့ ပါ” ဟု နန်းဖော့ဂေ က ဆိုသည်။

“ တရားမျှတမှုအတွက် တိုင်းရင်း မီဒီယာ” ဆောင်ပုဒ်ဖြင့် သတ္တမကြိမ်မြောက် တိုင်းရင်းမီဒီယာကို စက်တင်ဘာ ၁၆ မှ ၁၈ ရက်အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

တိုင်းရင်းမီဒီယာညီလာခံမှထုတ်ပြန်သောကြေငြာချက်တွင် သတင်း အချက်အလက် ရပိုင်ခွင့် “ Right to Information”  ဥပဒေကို အမြန်ဆုံး ပြဌာန်း ပေးရန်၊ မီဒီယာ ဥပဒေ ၊ နည်းပညာ များကို တိုင်းရင်းသား ဘာသာဖြင့် ဘာသာပြန်ဆို ထုတ်ဝေပေးရန်၊ မီဒီယာ ပံ့ပိုးသူများ အနေဖြင့် လည်း ဒေသအခြေစိုက် သတင်းဌာနများအား နည်းပညာပိုင်း ဘဏ္ဍာရေး ပိုင်း ဆက်လက် ကူညီသွားရန် အစရှိ တောင်းဆိုချက် ၆ ချက် ကိုလည်း ထည့်သွင်းထားပါသည်။

Photo by SHAN- “ တရားမျှတမှုအတွက် တိုင်းရင်း မီဒီယာ” ဆောင်ပုဒ်ဖြင့် သတ္တမကြိမ်မြောက် တိုင်းရင်းမီဒီယာကို စက်တင်ဘာ ၁၆ မှ ၁၈ ရက်အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကျင်းပ ပြုလုပ်

ထို့ပြင် အစိုးရ အနေဖြင့် အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်ပြီး မူဝါဒများ ချမှတ် ကာ သတင်းမီဒီယာများအပါအဝင် အများပြည်သူသိရှိနိုင်ရေး အတွက် ပွင့်လင်းမြင်သာစွာ ချမှတ်ထားရန်၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရာတွင် ပါဝင်ပတ်သက်သူများ၏ အစုအဖွဲ့ အသီးသီးတွင် မီဒီယာ မူဝါဒ များကို တရားမျှတမှုရှိစွာဖြင့် ချမှတ်ပြဌာန်းသွားရန် နှင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ တွင် သတင်းရယူခွင့်အတွက် နယ်မြေနေရာ ကန့်သတ်မှု မရှိဘဲ လွတ်လပ်စွာ သွားလာရယူခွင့်ရှိရန် တောင်းဆိုထားသည်။

သတ္တမကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် တိုင်းရင်းသားမီဒီယာမူဝါဒ၊ မူကြမ်းတခု ပေါ်ထွက်လာရေးအတွက် ဝိုင်းဝန် ပူးပေါင်း ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုင်းရင်းသား ဒေသများတွင် ဒေသဆိုင်ရာ သတင်းသမားများ ပိုမို ပေါ်ထွက်လာရေး နှင့် လက်ရှိ သတင်း သမား များ အကြောင်းအရာ အလိုက် အထူးပြု သတင်းရေးသား ထုတ်လုပ်သွားနိုင်ရေး အရည် အသွေး မြှင့်တင် သွားရန် လည်း ဆုံးဖြတ်ခဲ့ကြသည်။

BNI Burma News International မှ ဦးစီးကာ နှစ်စဉ် နှစ်ဆန်းပိုင်းတွင် တိုင်းရင်းမီဒီယာ ညီလာခံကို တိုင်းရင်းမီဒီယာ ဆိုင်ရာ ဒေသ မွန်ပြည်နယ်၊ သျှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် အလှည့်ကျ  ကျင်းပနိုင်ခဲ့ပြီး ယခုနှစ်မှသာ အခက်အခဲအမျိုးမျိုးကြောင့် စက်တင်ဘာလမှ  မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့ကြသည်ဟုသိရသည်။

နောက်နှစ်တွင် တိုင်းရင်းမီဒီယာ ကို ရန်ကုန်မြို့တွင် ကျင်းပရန် လျာထားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article