Friday, March 29, 2024

မူဆယ်မြို့တွင် ကျပ်သိန်း ၇ ထောင် နီးပါးရှိ ဘိန်းဖြူများဖမ်းမိ၊ တရားခံ လွှတ်မြောက်

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့တွင် ကျပ်သိန်း ၇ ထောင်နီးပါးတန်ဖိုးရှိ ဘိန်းဖြူ များဖမ်းဆီးရမိပြီး တရားခံမှာထွက်ပြေး လွှတ်မြောက်နေသည်ဟု မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။

Photo by မူဆယ်ရဲတပ်ဖွဲ့/ မူဆယ် ဟိုဆောင်လှေဆိပ်တွင် ဖမ်းဆီးရမိသည့် ဘိန်းဖြူ

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၃ နာရီ က မူဆယ်မြို့ တော်ရွက်ရပ်ကွက် ဟိုဆောင်စက်လှေဆိပ်တွင် မော်တော်ယာဉ်တစီးနှင့်အမျိုးသား ၃ ဦးသည် တရုတ်နိုင်ငံဘက် သွားရန် စက်လှေ စောင့်နေစဉ် သက်ဆိုင်ရာ က မသင်္ကာသဖြင့်သွားရောက်စစ်ဆေးရာမှ အဆိုပါမူးယစ်ဆေးများတွေ့မိခြင်းဖြစ်ကြောင်းသိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ် အမျိုးသား ၃ ဦးသည် ခရီးဆောင် အိတ် ၁ လုံး ပစ်ချပြီး အနီးရှိ တောထဲသို့ ထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင် က “ မူဆယ် ကူးတို့ဆိပ်က ကားပေါ်မှာမိတာ။ ကားရပ်ထားပြီးတော့ ထွက်ပြေးသွားတယ်။ ကားကို သော့ဖွင့်တော့ ဘိန်းဖြူ ဘလောက်တုံး ၉၉ တုံးတွေ့တာပါ။ ၃ ယောက်စလုံး လွှတ်မြောက်နေတယ်” ဟု သျှမ်းသံတော်ဆင့် အား ပြောသည်။

တရုတ် မြန်မာနယ်စပ် ဟိုဆောင် ကူးတို့ဆိပ်မှ ထွက်ပြေး  လွှတ်မြောက်သွားသော တရားခံ ၃ ဦးကို ဖမ်းဆီးရန် အတွက် နှစ်နိုင်ငံ ရဲတပ်ဖွဲ့များပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း ရဲမှူးချုပ်ဇော်ခင်အောင် ကပြောသည်။

“ တရားခံပြေး သူတို့ ဘယ်သူဆိုတာ ကားပေါ်မှာကျန်ခဲ့တဲ့ သူတို့ရဲ့ယာဉ်မောင်းလိုင်စင် ကနေ လိုက်လံစစ်ဆေးပြီး တရားခံရဖို့ ၂ နိုင်ငံပေါင်းစပ်ပြီး ဆောင်ရွက်နေပါတယ်။ ကားပေါ်မှာတွေ့တဲ့  လိုင်စင်အရ မြန်မာပြည်က တယောက်ပါတယ်။ ကျန်တာတော့ မသိသေးဘူး။ အဲ့ပေါ်မူတည်ပြီး လိုက်နေတုန်းပဲရှိပါတယ်” ဟု ရဲမှူးချုပ် ဇော်ခင်အောင် ကဆိုသည်။

မူဆယ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ Nike တံဆိပ်ပါ လက်ဆွဲအိတ်အတွင်းတွင် ဘိန်းဖြူဘလောက်တုံး ၄၅ တုံး၊ ယာဉ်နောက်ခန်းရှိ ကျောပိုးအိတ်အတွင်း   ဘိန်းဖြူဘလောက်တုံး ၅၄ တုံး၊ စုစုပေါင်း ဘိန်းဖြူအလေးချိန် ၃၄.၆၅ ကီလို ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၉၃ဝ သိန်း တို့အား တွေ့ရှိသိမ်းဆည်းရမိသည်ဟု သိရသည်။

ဘိန်းဖြူ သယ်ဆောင်လာကာ ထွက်ပြေး လွှတ်မြောက်နေသူများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေဖြင့် မူဆယ်မြို့ မရဲစခန်းတွင် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး အတွက် စုံစမ်းနေဆဲဟုလည်း သိရပါသည်။

 

Leave a Comments

- Advertisement -spot_img

Latest article