Friday, March 29, 2024

သျှမ်းမြောက် နှင့် ရခိုင် အတွင်း တိုက်ပွဲ လျှော့ချရန် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့တိုက်တွန်း

Must read

သျှမ်းပြည်နယ်မြောက်ပိုင်း နှင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချရန် တိုင်းရင်း သား လက်နက်ကိုင် ၁၀ ဖွဲ့ မှ တိုက်တွန်း ပြောဆိုလိုက်သည်။

Photo Credit to – NCA-S EAO – NCA-S EAO ၏ PPST အစည်းအဝေး သြဂုတ်လ ၂၅ ရက် ၂၀၁၉

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်( NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၅ ရက်ကြာ PPST အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် သြဂုတ်လ ၂၅ ရက်နေ့က ထိုသို့ ကြေငြာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဖြစ်ပွားနေသည့် ညီနောင်မဟာမိတ်(၃)ဖွဲ့၊ အစိုးရ နှင့် တပ်မတော်တို့ ဖြစ်ပွားနေသည့် သျှမ်းပြည်နယ်မြောက်ပိုင်း နှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများလျှော့ချပြီး နိုင်ငံရေး ဆွေးနွေးမှု မှတဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က တိုက်တွန်းလိုက်သည်။

“ တိုက်ပွဲဖြစ်ရင် တကယ် ဒုက္ခရောက်တာ ပြည်သူပဲ။ နောက် တခါ တွေလည်း ထိခိုက်တယ်။ ဒါကြောင့် ကျနော်တို့ PPST အနေနဲ့ တိုက်ပွဲတွေလျော့ကျဖို့ တောင်းဆိုတာပါ။ ၂ဖက်စလုံး စစ်အင်းအားနဲ့ မလုပ်ဖို့ ပြည်သူတွေ ကို ကြည့်ဖို့ ပါ” ဟု သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA ) အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ပြည်သူလူထု ကို ထိခိုက်စေသည့် စစ်ပွဲများ အမြန်လျော့ကျရန်၊ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် စိုင်းငင်းက ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင် အဖွဲ့အစည်းအဝေးတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ တင်းပြည့်အဖွဲ့ဝင်များအဖြစ် ပါဝင်လာခဲ့ကြသောကြောင့် PPST ကို အဖွဲ့ဝင် (၁၀)ဖွဲ့ ဖြင့် တိုးချဲ့ဖွဲ့စည်း နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး NCA အကောင်အထည်ဖော်မှု အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရ သည့် တစ်ဆို့မှုများကို ဖြေရှင်းကျော်လွှားနိုင် ရေးအတွက် “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်” တစ်ရပ်ကို စနစ်တကျ ရေးဆွဲချမှတ်ပြီး အစိုးရ နှင့် ဆွေးနွေး သဘောတူ ညီမှု ရယူရန် အတည်ပြု ချမှတ်နိုင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် ပါဝင်သင့် ပါဝင်ထိုက် သည့် အင်အားစုများအားလုံး ပါဝင်လာနိုင်မည့် အခင်းအကျင်း ဖော်ဆောင်နိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာ အင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

Leave a Comments

- Advertisement -spot_img

Latest article