Thursday, April 18, 2024

သက်ငယ်မုဒိမ်းမှု ပပျောက်ရေး သျှမ်းအရေးလှုပ်ရှားသူများရဲ့အမြင်

Must read

ယခုလ ဇူလိုင် ၆ ရက်နေ့့က သျှမ်းပြည်နယ် တောင်ကြီးမြို့ အပါအဝင် တခြားတိုင်း  ပြည်နယ်တွေမှာ “Justice for Victoria” ဆိုတဲ့ သက်ငယ်မုဒိမ်း မှု ပပျောက်ရေး လှုပ်ရှားမှုကို ထောင်ချီ လူထုတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

Photo by SHAN- သက်ငယ်မုဒိန်းကျူးလွန်သူများအား ထိရောက်စွာအရေးယူပေးရန် နှင့်သက်ငယ်မုဒိန်းများ ပပျောက်သွားအောင်ဆောင်ရွက်ရန် တောင်ကြီးမြို့တွင် ဒေသခံလူထုများ ဆန္ဒထုတ်ဖော်

ထို ဆန္ဒပြမှုကို ကြည့်ချင်းအားဖြင့် မိဘ ပြည်သူများဟာ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှု နှင့် အမျိုးသမီး များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တနေ့ထက် တနေ့များလာတဲ့အပေါ် ပူပင်သောက များနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာကို မြင်တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ တနှစ်ထက် တနှစ် ပိုများလာတဲ့ သက်ငယ်မုဒိမ်းမှုတွေကြောင့် သမီးရှင်မိဘတွေဟာ ရတက်မအေး ဖြစ်နေကြရပြီး နောက်ထပ် ဗစ်တိုးရီးယားတွေ ထပ်မံ မထွက်ပေါ်လာအောင် ဆန္ဒထုတ်ဖော် နေကြခြင်း ဖြစ်ပါတယ်။

သက်ငယ် မုဒိမ်း မှု ကျူးလွန်တဲ့သူကို ကြီးလေတဲ့ ပြစ်ဒဏ် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ရန် ဥပဒေ တရပ် ပြဌာန်းခဲ့ပါတယ်။သို့သော် သက်ငယ်မုဒိမ်းမှုနဲ့ပတ်သတ်ပြီး များသောအားဖြင့် အလိုအလျောက် ကြေအေး နေရသလို တချို့ မှာ တိုင်ကြားမှု မရှိနေတာကိုလည်း ရှိပါတယ်။

ထို သက်ငယ်မုဒိမ်း မှုတွေ နဲ့ပတ်သက်ပြီး ကျူးလွန်တဲ့သူကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးရေး နဲ့ တရားစီရင်မှု၊ တိုင်ကြားမှု မှာ မည်သည့် အဟန့်အတားများရှိနေ သလဲ ဆိုတာ သျှမ်းသံတော်ဆင့် မှ သျှမ်း ပြည်နယ် အရပ်ဖက် လူမှု အဖွဲ့အစည်းများ၊ ပြည်သူများကို ဆက်သွယ်မေးမြန်းထားပါတယ်။

 

စိုင်းနောင့်  မိုင်းပန် မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

“သက်ငယ်မုဒိမ်း မှု က နေရာ အနှံ့ မှာ ပိုဖြစ်လာ သလို ကျနော်တို့့ သျှမ်းပြည်မှာ လည်း ရှိပါတယ်။ ဒီလို အမှု က အရင်က မကြားရဘူး။ အခုနောက်ပိုင်း မကြာခဏ ကြားလာရပါတယ်။ကျနော့်အနေနဲ့ကတော့ သက်ငယ်မုဒိမ်း မှုကို အစိုးရ အနေနနဲ့လည်း ထိရောက်စွာ အရေးယူပေးပြီး၊ တားဆီး ဆောင်ရွက်ဖို့့လိုပါတယ်။ ဒါမှ ကလေးတွေ အတွက် ဘဝ လုံခြံုမှု တွေ မဖြစ်သင့်တာတွေဖြစ်မယ်။

သက်ငယ်မုဒိမ်းမှု က လက်တလောမှာ အရေးကြီး နေတဲ့ ကိစ္စ တရပ်ဖြစ်နေပါတယ်။သက်ငယ်မုဒိမ်း မှု နဲ့ပတ်သတ်ပြီး သျှမ်းပြည်နယ် လွှတ်တော် မှာ အဆိုတင်သွင်းတာ မရှိသလို ဆွေးနွေး နေတာလဲ မရှိသေးဘူး။အခုတော့ ဒီ သက်ငယ်မုဒိမ်း က ရှုပ်ထွေးလာတော့ အရေးကြီးလာတဲ့ အဆို လို့ကျနော်ထင်ပါတယ်။”

———————————————————–

စိုင်းဟန် လားရှိုး  Tai Youth Organization  ခေါင်းဆောင်

“သက်ငယ်မုဒိမ်းမှု က ဘယ်သူ့ အတွက် မှ မကောင်းတဲ့အရာပါ။ အခုနောက်ပိုင်း အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု တွေ့ကို ကြည့်မယ်ဆိုရင် အများစုက အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေဖြစ်နေတာ တွေ့နေရတယ်။

သက်ငယ်မုဒိမ်း မှုက မြန်မာပြည် သာမက သျှမ်းပြည်နယ်မှာလည်း ရှိပါတယ်။ အဲ့လို ဖြစ်ရင် ကျနော်ကတော့ ဥပဒေ အနေနဲ့သွားသင့်သလို အစိုးရ အနေနဲ့ကောင်းမွန်စွာ ကိုင်တွယ်သင့်ပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးကို ပြုကျင့်တဲ့ မုဒိမ်းမှုဆိုရင် ကျနော် အနေနဲ့ကတော့ ကြီးလေးတဲ့ ပြစ်ဒဏ် ပေးသင့်တယ်လို့ ပြောချင်ပါတယ်။ အဆုံးထိ ပြောရရင် သေဒဏ်ပေးသင့်တယ်။ သေဒဏ် မပေး ရင် သူတို့မကြောက်ကြဘူး၊ မကြောက်ကြရင် ဆက် လုပ်မှာ။

ကျနော်တို့သျှမ်းပြည်နယ်မှာ တရားရုံး တွေ တိုင်ကြားမှု တွေ မရှိဘဲ ရပ်ကွက်လူကြီး၊ ကျေးရွာလူကြီးတွေနဲ့ အမှုပြီးသွားတာတွေရှိတယ်။ သျှမ်းတွေ အဲ့လို မဖြစ်သင့်ဘူး။ ကလေးတွေ မပြောရဲရင်တောင် ကျနော်တို့ပြောရဲလာအောင် လူကြီးတွေက သင်ပေးရမယ်။

တချို့ ရပ်ရွာ လူကြီးတွေက ဒီလို အမှုတွေကို ကွယ်ပျောက်သွားအောင် လုပ်လိုက်တယ်။ဒီလို အမှု က ပြတ်ပြတ်သားသားလုပ်သင့်တယ်။ ဘယ်သူ့မျက်နှာ မှ မထောက်သင့်ဘူး။သက်ငယ်မုဒိမ်းကို ကောင်းကောင်းမွန်မွန် မကိုင်တွယ်ရင် တော့ ကျူးလွန်တဲ့သူတွေက ဆက်လက်ကျူးလွန်နေပြီး၊ နောက်လူတွေအတွက် အခွင့်အလမ်းတောင် ဖြစ်နေအုံးမယ်။ ဒါကြောင့် ထိရောက်တဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။”

———————————————————–

နန်းခမ်းအွန်  ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN)

“နေရာတိုင်းမှာ သက်ငယ်မုဒိမ်းတွေ ဖြစ်နေတော့ ဘယ်ဒေသ ပဲ နေနေ ဘဝလုံခြုံမှုဆိုတာ မရှိသလောက်ပဲ။ အရင်တုန်းကဆိုရင် ကိုယ်မသိတဲ့ သူစိမ်းတွေပြုကျင့်မှာစိုးလို့ အိမ်ပြင်မထွက်ကြဘူး။

အခုခေတ်မှာကြတော့ မုဒိမ်းကောင်တွေများလာတယ် ကိုယ့်အသိကလူတွေ မိသားစုထဲကလူတွေလည်းဖြစ်လာတတ်တယ် ဆိုတော့ အမျိုးသမီးတွေ ဘယ်မှာပဲနေနေ လုံခြုံမှုရှိတယ်လို့ မခံစားရဘူး။

လတ်တလောဖြစ်သွားခဲ့တဲ့သမီးလေး “ဗစ်တိုးရီးယား” ကလည်း တကယ်စိတ်မကောင်းစရာဖြစ်ခဲ့ရပါတယ်။ ဒီသမီးလေးလို မိသားစုလေးလို ရင်ဆိုင်ခံစားနေရတာ မနည်းပါဘူး။ များသထက်များလာတာကိုတွေ့ရတော့ အရမ်းစိုးရိမ်စရာဖြစ်နေရ ပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ခံရတဲ့ မိန်းကလေးငယ်တွေ အမျိုးသမီးတွေ ဟာ တရားမျှတမှု ရှာဖွေရာမှာလည်း အတားအဆီးအခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

ကျေးလက်ဒေသမှာဆိုရင် အရွယ် မရောက်သေးတဲ့ သက်ငယ်မုဒိမ်းတွေ၊ မုဒိမ်းမှုတွေ ဟာ ရှက်စရာကောင်းတဲ့ အရာ ဆိုပြီး မတိုင်ချင်ကြဘူး။

တိုင်ရင်လည်းအရှက်တရားပဲရမယ်၊ တချို့တိုင်ရင်တောင်မှ လျော်ကြေးနဲ့ပဲ ကျေအေးရနေရ သလို တချို့ကျေးရွာလူကြီးတွေဆိုရင် မုဒိမ်းကျူးလွန်သူကို မုဒိမ်းကျင့်ခံရသူနဲ့ လက်ထပ်ခိုင်းတာတွေ ရှိပါတယ်။

ဒီလိုဖြေရှင်းချက်တွေ ကျေနပ်မှုမရှိပေမယ့်လည်း အရှက်တရားတွေ ပတ်ဝန်းကျင်ကဲ့ရဲ့ဝေဖန်မှုကို မရင်ဆိုင်ချင်တော့ပဲ တိတ်ဆိတ်စွာ ဖြေရှင်းချက်တွေကိုလက်ခံကြေအေးခဲ့ရပါတယ်။ ဒါတွေကမဖြစ်သင့်ပါဘူး။

သက်ငယ်မုဒိမ်းမှုတွေ ဖြေရှင်းနိုင်ဖို့အတွက် အဓိကကျတာကတော့ တရားဥပဒေစိုးမိုးဖို့လိုတယ်၊ ထိမိတဲ့ဥပဒေတွေလိုအပ်တယ်။ ပြီးတော့အာဏာပိုင်တွေ အာဏာရှိသူတွေ ကိုယ်တိုင်ကျူးလွန်တာတွေလည်း ရှိတယ်။ အဲ့ဒီလူတွေကိုလည်း အပြစ်ပေးအရေးယူရပါမယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီအာဏာရှိသူတွေက ကင်းလွတ်ခွင့်တွေ ရရှိနေသရွေ့ အမျိုးသမီးတွေ မိန်းကလေးတွေ ဘဝလုံခြုံမှုတွေရရှိမှာမဟုတ်ဘူး။ ဒီသက်ငယ်မုဒိမ်းတွေလည်း ဆက်လက်ဖြစ်ပွားနေမှာပဲ။”

———————————————————–

နန်းစံပယ်  သျှမ်းမြောက် ငြိမ်းချမ်းရေး အရပ်ဖက် အဖွဲ့အစည်းများ ကော်မတီ

“နိုင်ငံတော်အကြီးအကဲ လုံခြုံရေးက အရာရှိ ဝန်ထမ်း ရပ်ရွာထဲက လူကြီးမိဘ အားလုံး၊ ဥပဒေ အုပ်ချုပ် တရားစီရင်ရေး အားလုံး သည် ပြည်သူကိုတကယ် လုံခြံုလွတ်လပ်သော ဘဝ အတွက် အကာအကွယ် အကူအညီပေးရမယ်။ တရားမျှတမှုကို လက်လှမ်းမီအောင် လုပ်ပေးရမယ်။ လူ့အဖွဲ့အစည်း တခုလုံး ပတ်ဝန်းကျင်ကလည်း ကိုယ့်အနီးနားက ကလေးကိုလည်း ဝိုင်းကြည့်ကူပါ။

ဥပဒေ နဲ့ တရားစီရင်ရေး က မှန်ကန်မှု ၊ မျှတမှု ရှိမယ်လို့အယုံအကြည် မရှိလို့မတိုင်ကြတာ များတယ်။

အမှုကို တိုင်ကြားရင်လည်း အလုပ်ရှုပ် တယ်။ သက်သေတွေ ဘာတွေ လိုက်ပေးတဲ့သူ မရှိရင် လည်းပြသနာ ရှိတယ်။တရားရုံးသွားရမှာ ကြောက်တယ် ။ရှက်တယ် ဒါတွေကြောင့် အမှု ဖြစ်လာရင် မသွားကြတော့ဘူး။ ပြည်သူတွေ အတွက် အမှု တွေတိုင်ရင်လည်း လွယ်ကူအောင် နောက် ပြီး မြန်ဆန်အောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။”

———————————————————–

နန်းမြဦး တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဒုဥက္ကဌ

“သက်ငယ်မုဒိမ်း မှု က ပိုများလာတယ်။ တရားဥပဒေ စိုးမိုးမှု မရှိဘူး။ ဥပဒေ အရ ပြစ်မှု ကျူးလွန်တဲ့သူကို အရေးယူတဲ့ ယန္တရားက ထိထိရောက်ရောက် အရေးမယူတာကို တွေ့ရတယ်။

ကြီးလေး တဲ့ ပြစ်မှု ပြစ်ဒဏ်ရှိသင့်တယ်။ ဒါမှကျူးလွန်တဲ့သူတွေ မကျူးလွန်ရဲတော့မှာပါ။ မှတ်လောက် သားလောက် တဲ့ ပြစ်မှု မျိုးကို လတ်တလော မှာ ချမှတ်သင့်ပါတယ်။ လူ့အခွင့်အရေး ရှုထောင့် တမျိုးမြင် နိုင်ကြပေမယ့် ဘာကြောင့် ကြီးလေးတဲ့ ပြစ်မှု ကို ချမှတ်လဲဆိုရင်တော့ လက်ရှိ ဖြစ်နေတဲ့ တနေ့ထက် တနေ့ပိုများနေတဲ့ မုဒိမ်းမှု အချက်အလက်ကြောင့်ပါ။ နောက်ပိုင်း လျော့လာရင်တော့ တမျိုးတဖုံပြန်လုပ်သင့်တယ်လို့ကျမမြင်ပါတယ်။

ကြီးလေးတဲ့ ပြစ်မှုကို ချမှတ်မယ်ဆိုရင်တော့ မုဒိမ်းမှုမဖြစ်အောင် အကာအကွယ်ပေးနိုင်မယ်လို့ကျမ ထင်ပါတယ်။

တရားစီရင်ရေး အပိုင်းမှာလည်း ထိရောက်စွာ အရေးယူဖို့၊ ဥပဒေ ကို စီရင်မယ့် သူကလည်း အမှုကို ဘက်မလိုက်ပဲ ဆုံးဖြတ်ဖို့လိုအပ်တယ်။ အမျိုးသမီးကို ကာကွယ်တဲ့ ဥပဒေ အရေး တကြီး လိုအပ်တယ်။ပြည်သူဘက်က တော့ ဒီလို မတရားမှု တွေဖြစ်လာရင် လက်ပိုက်မကြည့်ဘဲ ရဲဝံ့စွာ ဆန္ဒ ထုတ်ဖော်သင့်ပါတယ်။

စင်္ကာပူ နိုင်ငံ ဆိုရင် အမျိုးသမီး ကာယအိန္ဒြေ နဲ့ပတ်သက်ပြီး တစုံတခု ထိမိရင် ရဲစခန်း က ချက်ချင်း အရေးယူတဲ့ အတွက် တော်ရုံ တန်ရုံ အမျိုးသမီး နားကပ်ပြီး မတော်တဆ ထိမိရင် ဒူးထောက်ပြီး တောင်းပန်ကြတယ်။ ကိုယ်တွေ ဆီမှာလည်း အမျိုးသမီး ကာယအိန္ဒြေ တစုံတခု ထိမိရင် ချက်ချင်း အရေးယူတဲ့ ယန္တရား ရှိရင် ပိုကောင်းတယ် လို့မြင်တယ်။

သက်ငယ်မုဒိမ်းမှု တွေ ၊ မုဒိမ်းမှုတွေ တိုင်းကြားရ ကောင်းမှန်း မသိကြဘူး။ ဥပဒေ ရေးရာနဲ့ပတ်သတ်ပြီး တော့ လည်း သိရှိ နားလည်မှုတွေ မရှိကြတာ။သက်ငယ်မုဒိမ်းဖြစ်လာရင် ဘယ်သူ့ကို တိုင်ကြားရမှန်းမသိဘူး။ တိုင်ကြားခံရတဲ့ ယန္တရားကလည်း အရေးယူပေးဖို့ မြန်ဆန်မှုရော ရှိထားရဲ့လားဆိုတာ မူတည်ပါတယ်။

တစုံတရာ အရေးပေါ် ဆက်သွယ် တိုင်ကြားနိုင်တဲ့ နေရာ ဆက်သွယ်လို့လွယ်မယ့်ကိန်းဂဏန်းတွေဖြစ်ဖို့လိုပါတယ်။
မြန်မာပြည်မှာ ဘယ်အမှု ပဲ ဖြစ်ဖြစ် ရုံးရောက် ဂတ်ရောက် သွားချင်တဲ့သူ အရမ်းနည်းတယ်။ အမှုစစ်ခံရရင်လည်း ဘာသာစကားအရဆိုရင်လည်း ခက်ခဲ၊ ငွေကြေးကလည်း ခက်ခဲ ရှိကြတယ်။ငွေကြေး အခက်အခဲရှိလို့တိုင်ကြားမှု မရောက်လာတာ လည်း တွေ့ရပါတယ်။ပတ်ဝန်းကျင် လူမှု အသိုင်းအဝန်းလည်း ပြောင်းလဲ ဖို့လိုပါတယ်။ ပြုလုပ်တဲ့သူ ကပဲ ရှက်ရမှာ။ ခံရတဲ့သူက ရှက်စရာ မဟုတ်ဘူးဆိုတဲ့ အမြင်လည်း ပြောင်းလဲ ဖို့လိုပါတယ်။

လိင်ပိုင်းဆိုင်ရာ အသိပညာပေးကိုလည်း ကျောင်းသင်ရိုးမှာ ငယ်စဉ်ကတည်းက သင်ကြဖို့လိုပါတယ်။ နောက် ကိုယ့်ဆွေမျိုးပဲ ဆိုပြီးတာ့ အလွယ်တကူ မထားဖို့ဘယ်သူ့ကိုယ်မှ ယုံကြည်လို့မရတဲ့ ခေတ်ဖြစ်နေတယ်။ ကိုယ့်သား၊သမီးကို ဘယ်သွားသွားဘယ်လာလာ ကိုယ်နဲ့အနီးကပ်ဆုံးနေရာမှာ ထားရမယ်။”

———————————————————–

ပီနန်းနန်း  သီပေါမြို့ အမျိုးသမီး တဦး

“သက်ငယ်မုဒိမ်းနဲ့ပတ်သတ်ပြီး ကျမအမြင်အနေကတော့ စံပြ အနေနဲ့ တကယ်ကျူးလွန်တဲ့သူကို အများပြည်သူရှေ့မှာ ပြပြီး နောက်မလုပ်ရဲအောင် လုပ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် မုဒိမ်းကောင်လို့ အထပ်ထပ် အခါခါပြောခိုင်းရမယ်။

ကျူးလွန်တဲ့သူကို အများပြည်သူကြားထဲ လှည့်လည် ပြသပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးသင့်ပါတယ်။

ပြစ်ဒဏ်ကို လွှတ်ငြိမ်းချမ်းသားခွင့်မရှိ တသက်တကျွမ်း ပြစ်ဒဏ်ပေးသင့်ပါတယ်။”

Leave a Comments

- Advertisement -spot_img

Latest article