Thursday, April 18, 2024

ချင်းမိုင်မြို့တွင် ထိုင်းကျောင်းသား ၂ ဦးသေဆုံးမှု ဆိုင်ကယ်မှောက်ခြင်းကြောင့်သာဖြစ် ထိုင်းရဲများပြော

Must read

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်းကျောင်းသား ၂ ဦးသေဆုံးမှုဖြစ်စဉ်မှာ သျှမ်းလူငယ်အဖွဲ့မှ ဓါးဖြင့်လိုက်ခုတ်ခြင်းမဟုတ်၊ ၄င်းတို့ဆိုင်မောင်းကြမ်းရာမှ ချော်လဲကာ သေဆုံးရခြင်းဖြစ်ကြောင်း ထိုင်းရဲများထုတ်ပြန်ပါသည်။

သတင်းများတဖက်သတ်မရေးကြရန် ထိုင်းသတင်းဌာနများအား ထိုင်းရဲများ သတိပေး

ဇွန်လ ၁၈ ရက် မနက် ၃ နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ပရတူထာ့ဖဲမှ ၀ပ်ပါပေါက်ဘုန်းကြီးကျောင်း အထိ ဆာမူရိုင်းဓါးဖြင့်လိုက်ခံခုတ်ဖြတ်သဖြင့် ကျောင်းသား ၂ ဦးသေဆုံးသွား သည်ဟူသည့် ထိုင်းသတင်း ဌာနများ သတင်းရေးသားဖော်ပြခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ထိုင်းရဲများက စီစီတီဝီများ လိုက်လံကောက်ယူ စစ်ဆေး ခဲ့ပြီးနောက် သေဆုံးသူမှာ ဆိုင်ကယ်မှောက်ပြီးသေဆုံးခြင်းဖြစ် ကြောင်း၊ သတင်းများထုတ်ပြန်နေ သကဲ့သို့ သျှမ်းလူငယ် ဆာမူရိုင်းအဖွဲ့မှ လိုက်လံခုတ်ဖြတ်ခြင်းမဟုတ်ကြောင်း ဇွန်လ ၁၈ ရက်ညပိုင်းက ထုတ်ပြန်သည်။

“ထိုင်းသတင်းဌာနတွေကို သတိပေးချင်ပါတယ်။ သတင်းရေးမယ်ဆိုရင် ပဋိပက္ခဖြစ်ပွါးစေမယ့်အရေးအသားအသုံးအနှုန်းတွေမရေးပါနဲ့လို့ တောင်းချင်ပါတယ်။ ခုဖြစ်သွားတာက စီစီတီဝီအရ ကျောင်းသားလေးတွေအချင်းချင်းဆိုင်ကယ်တိုက်မိပြီး ပွဲချင်းပြီးသေဆုံးတာပါ။ သေသူရဲ့ခန္ဓာကိုယ်ဆေးစစ်ချက်အရ ခုတ်ဖြတ်ဒဏ်ရာမရှိဘူးလို့ ဆေးရုံကအတည်ပြုပြောလာပါတယ်။ ဒါပေမယ့်ဒီအခင်းမှာပါတဲ့ သူတွေအားလုံးကိုလည်းစုံစမ်းစစ်ဆေးပြီးမှ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်သွားပါမယ် ”- ဟု ချင်းမိုင်နယူးစ် သတင်းဌာနထံပြောဆိုကြောင်း အဆိုပါသတင်းဌာနကပင် သတင်းရေးသားထုတ်ပြန်ပါသည်။

Photo Credit to Guru- ထိုင်းရဲများမှ ချင်းမိုင်မြို့တွင်း လုံခြုံရေးနှင့် စစ်ဆေးမှုများပြုလုပ်ရန်စုစည်းနေကြစဉ်

ကျူးလွန်သူအား ဖမ်းမိနိုင်ရေးအတွက် ဇွန်လ ၁၈ ရက်ညပိုင်းက ထိုင်းရဲအင်အား ၆၀ ခန့် ဖြန့်ကျက်စစ်ဆေးမှုပြုလုပ်ရာတွင် အဆိုပါ နည်းပညာအထက်တန်းကျောင်းမှ ကျောင်းသားလေးများ ၆ ဦး အား ဓါး ၂ လက်နှင့်အတူ မယ့်ပင်းသံတံတား (ဆဖန်းလိတ်) တွင် ထိုင်းရဲများဖမ်းဆီးရမိခဲ့သည်။ ကျောင်းသား ၂ ဦးသေမှုသေခင်းတွင်ပတ်သက်ခြင်းရှိမရှိကိုမူ စစ်ဆေးမှုပြုနေကြောင်း ထိုင်းရဲက ထုတ်ပြန်ပါသည်။

Photo Credit to Guru- ဇွန်လ ၁၈ ရက် ညက နည်းပညာအထက်တန်းကျောင်းသား ၆ ဦးအား ဓါး ၂ လက်နှင့်အတူ ဖမ်းဆီးရမိစဉ်

ချင်းမိုင်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ အလုပ်သမားများအရေးဆောင်ရွက်နေသူများကလည်း အဆိုပါဖြစ်စဉ်အား စုံစမ်းလေ့လာနေဆဲဖြစ်ပြီး အရေးအခင်းတွင် သျှမ်းလူငယ်များ လုံးဝပါ၀င်ပတ်သက်မှုမရှိခဲ့ပါက ချင်းမိုင်နယူးစ် ၊ ထိုင်းရတ် သတင်းဌာနများသို့ သတိပေးစာ ရေးသားပေးပို့သွားမည်ဖြစ်ကြောင်း ပြောဆိုပါသည်။


ယခင်နှစ်များကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ညပိုင်း လမ်းသွားသူများအား ဆယ်ကျော်သက်လူငယ်များက လိုက်လံခုတ်ဖြတ်လုယက်မှုရှိသည့်အခါတိုင်း ထိုင်းသတင်းဌာနများက သျှမ်းလူငယ်များအဖွဲ့ ဆာမူရိုင်းဂိုဏ်း၏လက်ချက်ဟု ပြောဆိုသတင်းထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့သတင်းများထွက်ပေါ်တိုင်း သာမာန်လက်လုပ်လက်စား ရွှေ့ပြောင်းအလုပ်သမားများစခန်းသို့ ထိုင်းရဲများဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးမှုများပြုလုပ်သဖြင့် သျှမ်းရွှေ့ပြောင်းအလုပ်သမားများ နေထိုင်အလုပ်လုပ်ရခက်ခဲမှုရှိခဲ့ကြောင်းလည်း အလုပ်သမားများအရေးဆောင်ရွက်နေသည့်အဖွဲ့များကပြောဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article