Saturday, April 20, 2024

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်များ၏ အလွတ်သဘော အစည်းအဝေးကျင်းပ

Must read

တနှစ်ကျော်ကြာရပ်နားထားသော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်များ၏ အလွတ်သဘော အစည်းအဝေး ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တွင် ကျင်းပခဲ့ကြောင်းသိရသည်။

Photo Credit to NRPC- NRPC တွင် ဇွန်လ ၁၃ နှစ် ၁၄ က ကျင်းပသောပည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်များ၏ အလွတ်သဘော အစည်းအဝေး

အစိုးရအစုအဖွဲ့၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့နှင့် နိုင်ငံရေး ပါတီအစုအဖွဲ့များ ပါ၀င်သည့် အဆိုပါ အစည်းအဝေးတွင် အစိုးရအစုအဖွဲ့မှ ကိုယ်စားလှယ် (၁၀) ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ(၉) ဦး၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ် (၁၀) ဦးတို့ တက်ရောက် ခဲ့ကြသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားရာတွင် – “နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၊ တစ်နည်းအားဖြင့် စေ့စပ်ညှိနှိုင်းမှု အပိုင်းမှာ အရေးကြီးတဲ့ အပိုင်းသည် ယုံကြည်မှု တည်ဆောက်ရေးဖြစ်ပါတယ်။ မည်သည့်စေ့စပ် ညှိနှိုင်းမှုမှာမဆို တစ်ဖက်နှင့် တစ်ဖက် ဟာ ယုံကြည်မှုမြင့်မားနေဖို့ လိုအပ်ပါတယ်။ တစ်ဖက်ကိုတစ်ဖက် ယုံကြည်ထား နိုင်မှသာ ပွင့်ပွင့် လင်းလင်းစေ့စပ်ဆွေးနွေး နိုင်မှာ ဖြစ်ပါတယ်။ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု တွေဟာယုံကြည်မှု တည်ဆောက်ရေးအတွက် အထောက်အကူပြုပေမဲ့ အဲ့ဒီလိုအလွတ် သဘောတွေ့ဆုံ ဆွေးနွေးယုံနဲ့ မလုံလောက် ပါဘူး။ တွေ့ဆုံဆွေးနွေးမှုတွေကသဘောတူညီချက် မရသေးနိုင်ပေမဲ့ အခြေအနေ ကိုတည်ငြိမ်စွာ ထိန်းထားနိုင်မယ်ဆိုရင် ဘယ်သူမှ နောက်ပြန်မလှည့်ဘူးဆိုတဲ့ ယုံကြည်မှုကို တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။ ………တကယ်တော့ ကျွန်တော်တို့ဖြစ်စဉ်က အတော်လေးကောင်းမွန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကပုံပေါ်နေပြီးဖြစ်ပါတယ်။ NCA စာချုပ်ဟာ အပစ်အခတ် ရပ်စဲရေးနဲ့ အပစ်အခတ် ရပ်စဲရေးခိုင်မာလာစေဖို့ ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကို အာမခံချက် ပေးထားတဲ့ အားလုံး သဘောတူတဲ့ သဘောတူညီချက် တစ်ခုလည်းဖြစ်ပါတယ်။ ဒီသဘော တူညီချက် အတိုင်း ကျွန်တော် တို့တတွေ လိုက်နာဆောင် ရွက်သွားကြဖို့တော့ လိုပါတယ်။ သွေဖယ်မှုတွေနဲ့ ကြုံလာရင်လည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးကြ ဖို့ ဖြစ်ပါတယ်။ ကျွန်တော်ငှားပြီး သုံးခဲ့တဲ့ အမေရိကန် သမ္မတတစ်ဦးဖြစ်တဲ့ လင်ဒန်ဂျွန်ဆင်ရဲ့ စကားလို အိမ်အပြင်မှာအော်ဟစ်ပြီးအိမ်ထဲကိုခဲမပေါက်ကြဖို့ ၊ အိမ်ထဲမှာလာရောက်ပြီး ငြင်းခုံ ဆွေးနွေး နေဖို့ပဲဖြစ် ပါတယ်” ဟု ဆိုပါသည်။

UPDJC အတွင်းရေးမှူးများ၏ လုပ်ငန်းလမ်းညွှန်အရ UPDJC အတွင်းရေးမှူးများ စုံညီ အစည်းအဝေးကို (၁) လ တစ်ကြိမ် ကျင်းပရမည်ဖြစ်သော်လည်း ၂၀၁၈ ဇူလိုင်နောက်ပိုင်း တစ်နှစ်နီးပါးကြာ ကျင်းပနိုင် ခဲ့ခြင်း မရှိပဲ ယနေ့ တွင်မှ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်များ၏ အလွတ်သဘောအစည်းအဝေးကိုပြန် လည် ကျင်းပနိုင်ခြင်း ဖြစ်သည်။

RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်းက -“ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက ဖက်ဒရယ်မူကို အဆင့်မြင့်ဆုံး တင်ထားပြီး တင်းခံရပ်တည်ဆွေးနွေးခဲ့သလို တပ်မတော်ကလည်း တခုတည်းသောတပ်မတော်နဲ့ခွဲမထွက်ရကိုလုံးဝ အထိမခံဘဲ ကျားကုတ်ကျားခဲ မဆုတ်တမ်းဆွေးနွေးတော့ ကျနော်တို့ဟာဆုံမှတ်ရှာမတွေ့ဘဲ တဦးကိုတဦး ယိုးမယ်ဖွဲ့ အပြစ်ဆိုရင်းနဲ့ဘဲ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်က တဝဲလည်လည်ဖြစ်နေရတာဖြစ်တယ် ”- ဟု အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

UPDJC အတွင်းရေးမှူးအဖွဲ့ဝင်များ၏ အလွတ်သဘော အစည်းအဝေးကို ဇွန်လ ၁၃ ရက်မှ ၁၄ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီးတရားဝင် အစည်းအဝေးများ ပြန်လည် စတင်နိုင်ရန်အတွက် အခက်အခဲများကို ပူးပေါင်းအဖြေရှာရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အစည်းအဝေးများ ပြန်လည် ကျင်းပနိုင်ရေးအတွက် ပူးပေါင်းအဖြေရှာရေးတို့ကို အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ် များက ပွင့်ပွင့် လင်းလင်းဆွေးနွေးကြ မည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article