သျှမ်းအမျိုးသားနေ့အစား တခြားတနေ့နေ့တွင် စာမေးပွဲအစားထိုးကျင်းပပေးရန် သျှမ်း/မြောက်မှ ကျောင်းသားမိဘများ တောင်းဆို

0

ဖေဖော်ဝါရီလ ရ ရက်နေ့ သျှမ်းအမျိုးသားနေ့အစား တခြားတနေ့နေ့တွင် စာမေးပွဲအစားထိုးကျင်းပပေးရန် သျှမ်းပြည်မြောက်ပိုင်းမှ ကျောင်းသားမိဘများက တောင်းဆိုကြသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ အခြေခံပညာကျောင်းများ အတန်းတင်စာမေးပွဲ ကို သျှမ်းအမျိုးသားနေ့ဖြစ်သော ဖေဖော်ဝါရီ ရ ရက်နေ့တွင် စတင်ပြီး ဖြေဆိုသွားမည်ဟု ထုတ်ပြန်ထားသည်။

“သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ရ ရက်နေ့က သျှမ်းအမျိုးသားနေ့ ၊ သျှမ်းအမျိုးသားနေ့ မရှိခဲ့ဘူးဆိုရင် ပြည်ထောင်စုနေ့ ရှိမှာမဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ သူတို့က မလေးစားတဲ့အတွက်ကြောင့်မို့ပါ မှေးမှိန်သွားအောင် လုပ်တဲ့သဘောပေါ့။ အဲဒီနေ့အစား တခြားတရက်ရက်ကို ရွှေ့ပြီး ကျင်းပပေးစေချင်ပါ တယ်။ ” ဟု နမ့်ခမ်းမြို့မှ ကျောင်းသားမိဘတစ်ဦး ကပြောသည်။

ခရိုင်စစ်ဖြစ်သော စတုတ္တတန်း နှင့် ပြည်နယ်စစ်ဖြစ်သည့် အဋ္ဌမတန်း တို့သည် ဖေဖော်ဝါရီ ၁၉ မှ စတင်ဖြေဆိုမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဂျန္နဝါရီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

“စာထွက်လာတာကတော့ ရ ရက်နေ့ကနေ ၁၆ ရက်အတွင်း မူလတန်းအဆင့် အလယ်တန်းအဆင့် ပြီးအောင်ဖြေဆိုရမှာပေါ့၊ သျှမ်းအမျိုးသားနေ့နဲ့ လာတိုက်နေတဲ့အတွက်ကြောင့် စဉ်းစားပေးသင့်တယ်၊ တိုင်းရင်းသားတွေ အလေးထားတဲ့ နေ့ထူးနေ့မြတ်ကို အဲ့လို မလုပ်သင့်ဘူးပေါ့၊ ကျနော် သား/သမီးတွေ စာမေးပွဲ မသွားဖြေခိုင်းဘူး အဲ့နေ့ စာမေးပွဲကျရင် ကျပါစေ” မူဆယ်ဒေသခံ အမည်မဖော်လိုသူ ကျောင်းသားမိဘ တစ်ဦးကပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ ဖြစ်ပေါ်စေရန် သန္ဓေတည်သည့် ဖေဖော်ဝါရီလ ရ ရက်နေ့သည် သျှမ်းတိုင်းရင်းသားတို့၏ အလေးထားရာ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

ချင်းပြည်နယ်တွင်မူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့သည် ချင်းအမျိုးသားနေ့ဖြစ်သောကြောင့် တိုက်ဆိုင်သောဘာသာရပ်အတွက် ခရိုင် မြို့နယ်အလိုက် စာမေးပွဲများကိုနောက်တရက်ဆုတ်ကာ ပြည်နယ်ပညာရေးမှူးအစီအစဉ်ဖြင့်ပြောင်းရွှေ့မည်ဖြစ်ကြောင်း The Voice သတင်းဌာနကထုတ်ပြန် ထားပါသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုမူ မတ်လ ရ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here