Saturday, April 20, 2024

CSSU ဥက္ကဌ ရာထူးလက်ခံမည့် ကျားဖြူပါတီဥက္ကဌ နှစ်ပတ်လည် အစည်းအဝေးတက်ရောက်မည်မဟုတ်ဟုဆို

Must read

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ်လွယ်တိုင်းတွင် ကျင်းပ ရန်စီစဉ်ထားသည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU နှစ်ပတ်လည်အစည်းအဝေးတွင် အလှည့်ကျ ဥက္ကဌရာထူးတာဝန်ယူရမည့် SNDP ကျားဖြူပါတီဥက္ကဌ အစည်းအဝေးတက်ရောက်နိုင်မည်မဟုတ်ဟုသိရသည်။

“အစက လွယ်တိုင်းလျန်းမှာအစည်းအဝေးသွားတက်ဖို့ စီစဉ်ထားတယ်။ နောက်တော့ ကျနော် စင်္ကာပူမှာ နှလုံးသွားခွဲ ရတယ်။ နှလုံးခုန် မမှန်ဘူး။ သွေးတိုးရောဂါလည်း ပြန်ဖြစ်လာတယ်။ မျက်လုံးလဲခွဲထားတော့ ဆရာဝန်က ခရီးဝေး မထွက်နဲ့ဆိုလို့ ကျနော် လွယ်တိုင်းလျန်းကိုမသွားဖြစ်တော့ပါဘူး။ ဥက္ကဌတာဝန် လက်ခံဖို့ ကျနော့ကိုယ်စား အတွင်းရေးမှူးအဖွဲ့ကို သွားဖို့တာဝန်ပေးထားပါတယ် ”- ဟု ကျားဖြူပါတီ အမည်ရ သျှမ်းတိုင်းရင်းသားဒီမိုက ရက်တစ်ပါတီ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်အားပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၁ ရက်နှင့် ၂ ရက်နေ့တွင် RCSS/SSA ဌာနချုပ်၌ ကျင်းပမည့် CSSU နှစ်ပတ်လည် အစည်းအဝေးတွင်ပြီးခဲ့သည့်နှစ် လုပ်ငန်းဆောင်တာများကိုပြန်လည်သုံးသပ်ခြင်း၊ လာမည့်နှစ်အတွက်လုပ်ငန်းစဉ်ချ မှတ်ခြင်းများအပြင် ၂၀၁၇-၂၀၁၈ အလှည့်ကျဥက္ကဌ RCSS/SSA မှ ၂၀၁၈-၂၀၁၉ အတွက်အလှည့်ကျဥက္ကဌတာဝန်ကျ SNDP သို့ လွှဲပြောင်းပေးရန်ဖြစ်ပါသည်။

သို့သော် SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက တက်ရောက်နိုင်ခြင်းမရှိကြောင်း အထွေထွေ တွင်းရေးမှူး စိုင်းဘိုးအောင် ၊တွဲဖက်အတွင်းရေးမှူး စိုင်းအောင်မြင့်ခိုင်၊ တွဲဖက်အတွင်းရေးမှူး ၂ စိုင်းခမ်းကျော် ၊ နန်းဝါနု နှင့် ယိင်းယိင်းဦး တို့ ၅ ဦးကို ကိုယ်စားစေလွှတ်မည်ဖြစ်ကြောင်း ဥက္ကဌ စိုင်းအိုက်ပေါင်းကပြောသည်။

CSSU ဥက္ကဌတာဝန်ကို တနှစ်တကြိမ် အလှည့်ကျ လွှဲပြောင်းတာဝန်ယူကြရာ ၂၀၁၆ ခုနှစ်က SNDP ပါတီမှ အလှည့်ကျဥက္ကဌတာဝန်ကျခဲ့သည်။ သို့သော် ထိုစဉ်က တာဝန်လက်ခံရယူခြင်းမရှိသဖြင့် SSJAC ဥက္ကဌ ခွန်ထွန်းဦးက တာဝန်ယူခဲ့ရသည်။

သျှမ်းပြည်တွင်း ပါတီ၊တပ်ဖွဲ့၊လူမှုအဖွဲ့အစည်းများဖြင့် CSSU ကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ လက်ရှိတွင် အဖွဲ့ဝင် အဖွဲ့အစည်း ၁၀ ဖွဲ့ ပါ၀င် ထားသည့် သျှမ်းစုပေါင်းအဖွဲ့အစည်းကြီးဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article