Tuesday, April 16, 2024

သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဆက်ဆံရေးရုံးတာဝန်ခံအရာရှိများ နေရာအပြောင်းအလဲပြုလုပ်

Must read

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဆက်ဆံရေးရုံးတာဝန်ခံများ နေရာအပြောင်းအလဲလုပ်ဆောင်နေကြောင်းသိရသည်။

ဂျန္နဝါရီလဆန်းပိုင်းမှစပြီး RCSS/SSA ၏ သျှမ်းပြည်အရှေ့ပိုင်း မိုင်ပန်၊ မိုင်းတုံ၊ တာချီလိတ်နှင့် သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်ရှိ ဆက်ဆံရေးရုံးများ၏ တာဝန်ခံ အရာရှိများနေရာပြောင်းရွှေ့မှု ရှိခဲ့ကြောင်း တာချီလိတ်မြို့မှ မိုင်းတုံသို့ပြောင်းရွှေ့တာဝန်ယူသည့် ဗိုလ်မှူးဆိုင်လီက ပြောသည်။

“မှန်ပါတယ်ခင်ဗျ။ ရှိရင်းစွဲတာဝန်ခံတွေကိုမြို့နယ် အပြောင်း အရွှေ့လုပ်လိုက်တာပါ။ တာချီလိတ်နဲ့မိုင်းတုံ ရုံးတာဝန်ခံကို နေရာချင်းလဲတော့ ကျနော်က မိုင်းတုံရောက်သွားတယ်။ ဗိုလ်မှူးလွန့်ဆန်က တာချီလိတ်ရောက်လာတယ်။ ဘယ်နေရာမှာ ဘယ်လိုလူမျိုးကို ထားရှိဖို့လိုအပ်တယ်ဆိုပြီးအထက်က စီစဉ်ပေးလိုက်တာ ပါ။”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အလားတူ မိုင်းပန်နှင့် မူစယ်ရုံးအရာရှိကိုလည်းနေရာချင်းလဲလှယ်ရာ မိုင်းပန်ရုံးအရာရှိ ဗိုလ်မှူးအောင်ကျန်မိန်းအား မူစယ်သို့ပို့ဆောင်ပြီး မူစယ်မှ စိုင်းဇင် က မိုင်းပန်သို့ပြောင်းရွှေ့တာဝန်ယူရကြောင်း ၄င်းကပြောသည်။

ကျန်မြို့နယ်များရှိ RCSS ပြန်ကြားရေးရုံးတာဝန်ခံအရာရှိများမှာမူ နေရာပြောင်းရွှေ့မှုမရှိခဲ့ပေ။

RCSS/SSA သည် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ ကျိုင်းတုံ၊ မိုင်းတုံ ၊ မိုင်းဆတ်၊ မိုင်းတော့ မြို့နယ်များတွင်လည်းကောင်း၊ သျှမ်းပြည်တောင်ပိုင်း မိုင်းပန် ၊ ခိုလမ်၊ တောင်ကြီးတွင်လည်းကောင်း၊ သျှမ်းပြည်မြောက်ပိုင်းတွင် မူစယ်၊ ကျောက်မဲ မြို့နယ်များတွင်လည်းကောင်း ဆက်ဆံရေးရုံးများဖွင့်လှစ်ထားပါသည်။

Leave a Comments

- Advertisement -spot_img

Latest article