Saturday, April 20, 2024

ရွှေတူးဖော်ရေးအတွက် ကုမ္မဏီနှင့်အစိုးရ လာရောက်တွေ့ဆုံညှိနှိုင်းမှု မိုင်းဖြတ်လူထုသဘောမတူ

Must read

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေးစီမံကိန်းအတွက် အစိုးရအာဏာပိုင်များနှင့်အတူ Assess Resource Asia ကုမ္မဏီက ဒေသခံလူထုနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်းသိရသည်။

လူထုဆန့်ကျင်ကန့်ကွက်နေသည့် ရွှေတူးဖော်မှုစီမံကိန်းအောင်မြင်ရေးအတွက် ဂျန္နဝါရီလ ရ ရက်နေ့က ကုမ္မဏီနှင့်အစိုးရအာဏာပိုင်များ လူထုနှင့်တတိယအကြိမ်တွေ့ဆုံညှိနှိုင်းခြင်းဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ် ကျားဖြူပါတီ SNDP ဥက္ကဌ စိုင်းခမ်းဇန်က ပြောသည်။

ကုမ္မဏီက အုပ်ချုပ်ရေးပိုင်းအာဏာပိုင်တွေ၊ မြေတိုင်းဦးစီးဌာနနဲ့ သစ်တောဌာနက ပုဂ္ဂိုလ်တွေနဲ့အတူ လူထုနဲ့ တတိယအကြိမ် လာပြီးတွေ့ဆုံညှိနှိုင်းတာပါ။ အဲဒီစီမံကိန်းကို ကျနော်တို့လူထုက လက်မခံဘူး။ သူတို့လုပ်ခွင့်ရထားတာက ဧက တသိန်းကျော်တယ်။ တကယ်လို့ သူတို့အဲ့မှာရွှေတူးမယ်ဆိုရင် ကျနော်တို့မိုင်းဖြတ်ထဲက ၁၃ အုပ်စုက လူထုက ဆိုးကျိုးတွေခံစားရမယ်။သဘာဝဘေးဒဏ်တွေခံစားရမယ်။ သူတို့ကတော့ကျနော်တို့ကို ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်နဲ့ကတိတော့ပေးတယ်။ သူတို့ရွှေတူးခွင့်ရသွားရင်တော့ ကျနော်တို့ကို လုပ်ပေးဖို့နေနေသာသာလှည့်တောင်မကြည့်တော့ဘူးလေ။ ကြည့်ပါလား နားဟိုင်းလုံမှာဖြစ်နေတဲ့ဟာ- ဟု စိုင်းခမ်းဇန်ကပြောသည်။

မိုင်းဖြတ်နှင့်ကျိုင်းတုံကြား ဧရိယာတခုလုံးနီးပါး Assess Resource Asia ကုမ္မဏီ မှရွှေတူးဖော်မည့်စီမံကိန်း အကောင်အထည်ဖော်ဖို့ ယမန်နှစ် ၂၀၁၇ သြဂုတ်လက တကြိမ် ဒီဇင်ဘာလကတကြိမ် နှင့် ယခုလ ရ ရက်နေ့ကတကြိမ်လူထုနှင့်တွေ့ဆုံမှုပြုခဲ့သည်။ ဒေသခံလူထုက ၃ ကြိမ်စလုံး သဘောမတူကြောင်း ငြင်းဆိုခဲ့သည်။

ကုမ္မဏီကနေ တူးဖော်ရေးကို ဆက်လက်အကောင်အထည်ဖော်နေမယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် သွားပါမယ်။ သူတို့နဲ့ပါလာတဲ့ ဒုညွှန်ကြားရေးမှူး ဦးမောင်အေးဆိုသူက ပြောတယ်။ ရှမ်းပြည်နယ်ဟာ သစ်တောနဲ့သဘာဝသယံဇာတပေါကြွယ်ဝတယ်။ ဒီဟာကိုထုတ်လုပ်နိုင်မှ သျှမ်းလူထု ကြီးပွါးချမ်းသာမယ်။ အခုလို ထုတ်ယူမှုကို လူထုက ဆန့်ကျင်ကန့်ကွက်နေရင် လူထုဘဲ ဆင်းရဲဒုက္ခရောက်မယ် – လို့ပြောတယ်။ တကယ်တော့သူတို့ ရွှေတူးမှ ကျနော်တို့ လူထုက အမှန်တကယ်ဒုက္ခရောက်မှာလေ။ အဲ့ကြောင့်ပြည်သူလူထုက လုံးဝသဘောမတူဘူး။ – ဟုပြောဆိုသည်။

ယခုတွေ့ဆုံမှုသည်လည်း ကုမ္မဏီအားရွှေတူးဖော်မှုစီမံကိန်းခွင့်ပြုပေးရန်အတွက် အစိုးရဘက်ကလူကပါ လူထုအား လာရောက်တိုက်တွန်းပေးသည့်သဘောပင်ဖြစ်ကြောင်းရွာသားများကပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article