Saturday, April 20, 2024

ဒေသတွင်းထွက်ကုန်များ အတွက် ဆီဆိုင်မြို့နယ် TYO သျှမ်းလူငယ်အဖွဲ့ တခြားမြို့ကြီးများသို့ စျေးကွက်ထွက်ရှာ

Must read

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် သျှမ်းလူငယ်အဖွဲ့ TYO  နှင့် ကျေးလက်ကိုယ်စားလှယ်အဖွဲ့ ဒေသတွင်း လယ်ယာထုတ်ကုန်များရောင်းချနိုင်ဖို့အတွက်  သျှမ်းပြည်တွင်း မြို့ကြီးများသို့သွားရောက်ကာ စျေးကွက်ရှာကြ ကြောင်းသိရသည်။

နို၀င်ဘာလ ၁၃ ရက်မှ ၂၄ ရက်နေ့အထိ ဆီဆိုင်မြို့နယ် TYO မှ လူငယ်ခေါင်းဆောင် စိုင်းဟန်နှင့် စိုင်းလောဝ်ခမ်းတို့က ကုန်းဆွတ်အုပ်စုနှင့် သဘက်အုပ်စုတို့မှ ရွာသားတချို့နှင့်အတူ တောင်ကြီး၊ လားရှိုး ၊ သိန္နီ နှင့် နယ်စပ်မြို့ဖြစ်သည့်မူစယ်မြို့အပါအဝင် မြို့ကြီးများသို့သွားရောက်ကာ ဒေသတွင်းထွက် ကုန်များရောင်းချနိုင်ဖို့ ကုမ္မဏီကြီးများ၊ အဝယ်တော်များနှင့်တွေ့ဆုံကာ ဒေသခံ တောင်သူလယ်သမား များအတွက် စျေးကွက်များရှာဖွေပေးကြောင်း ဆိုပါသည်။

ကျနော်တို့ ဒီခရီးစဉ်ဟာ ကျနော်တို့ဒေသထွက်ကုန်ဖြစ်တဲ့ ဆန်စပါး၊ ပဲ၊ ကြက်သွန်ဖြူ၊ ဖရဲသီး ၊ မုန်လာထုတ် ၊မုန်လာပန်း စတာတွေကို ရောင်းချဖို့စျေးကွက်ရှာတာဖြစ်ပါတယ်။ ဘယ်ကုမ္မဏီက ဘယ်လိုကုန်စည် မျိုးကိုအလိုရှိသလဲ။ ကျနော်တို့ဒေသထွက်ကုန်ထဲက ရောင်းနိုင်တာဘာရှိသလဲ။ ဘယ်စျေးနှုန်းရှိသလဲ စတာတွေကို လေ့လာလာခဲ့တာဖြစ်ပါတယ်။ နောက်နှစ်မှာဒေသထွက်ကုန်တွေ ကိုတင်ပို့ရောင်း ချနိုင်တော့ မှာဖြစ်ပါတယ်- ဟု စိုင်းဟန်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

မြို့ကြီးများသို့ စျေးကွက်ရှာလာသော လူငယ်အဖွဲ့နှင့်ကျေးလက်ကိုယ်စားလှယ်များမှာ နို၀င်ဘာလ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ကုန်းဆွတ်နှင့်သဘက်အုပ်စုရှိဒေသခံများနှင့်တွေ့ဆုံကာ ပြန်လည်ရှင်းလင်းပြောပြ ခဲ့ကြောင်းသိရသည်။

တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် သျှမ်းလူငယ်အဖွဲ့ TYO  အား ၂၀၁၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။ ရည်ရွယ်ချက်မှာ လူငယ်အရေး၊ ဒေသခံလူထု၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေး အပါအဝင် လူထုဖွံ့ဖြိုးရေးလုပ်ငန်းများ ၀ိုင်းဝန်းဆောင်ရွက်ပေးနိုင်ရန်၊ လူငယ်များမူးယစ်ဆေးဝါးနှင့်ကင်းဝေးစေရန် အတွက်အဓိကလှုပ်ရှားဆောင်ရွက်ရန်ဖြစ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article