Wednesday, April 24, 2024

အမျိုးသမီး နှင့် ကလေးသူငယ်များ အခွင့်အရေး ဖေါ်ဆောင်နိုင်ရေး SSPP/SSA ပံ့ပိုးကူညီမည်

Must read

အမျိုးသမီးအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ကမကထ ပြုမှုဖြင့် သျှမ်းပြည်အမျိုးသမီးကြီးများအဖွဲ့ SSWO မှ ၀မ့်ဟိုင်းဌာနချုပ်တွင် ကျင်းပရာ ဒုတိယ ဗိုလ်ချုပ်ကြီး ခေးတိုင်းက တက်ရောက်ကာ အမှာစကားပြောကြားခဲ့ပါသည်။

၂၀၁၇ ခု နို၀င်ဘာ ၂၅ ရက် SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းတွင်ကျင်းပသော အဆိုပါ အခမ်းအနား သို့ ဒုတိယ ဗိုလ်ချုပ်ကြီးခေးတိုင်း က – သျှမ်းအမျိုးသမီးများ ယခုကဲ့သို့ စုံစုံညီညီ တက်ရောက်သည့် အတွက် ၀မ်းသာအားရ ကြောင်း၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသည့် သူများအသင်း အဖွဲ့များအား SSPP/SSA အနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးကူညီမှု ပေးသွားမှာဖြစ်ကြောင်း – အခမ်းအနားမိန့်ခွန်း တွင် ပြောကြားသွားသည်။

အခမ်းအနားသို့တက်ရောက်သည့် ခေါင်းဆောင်များကလည်း အမှာစကားများအသီးသီးပြောဆိုကြရာတွင် အမျိုးသမီးအရေးလှုပ်ရှားနေသည့်လုပ်ငန်းစဉ်များအတွင်း ကျားမ မရွေး၊ အသက်အရွယ်မရွေး လူတိုင်းစေ့ ပါ၀င်လာနိုင်ရေးအတွက် အရေးကြီးကြောင်း ပြောဆိုသွားခဲ့သည်။

“အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနား ကျင်းပရတဲ့ရည်ရွယ်ချက် ကတော့ ၃ ခု ရှိပါတယ်။ ၁- ဒီနေ့ဟာ အမျိုးသမီးတွေအတွက် အရေးကြီးတဲ့နေ့တနေ့ဖြစ်ပါတယ်။ ၂- ကတော့ ရပ်ရွာအတွင်းရော တပ်တွင်းမှာပါ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုမရှိအောင်ရည်ရွယ်တယ်။ ၃-က ကျမတို့ အမျိုးသမီးအဖွဲ့ဖွဲ့စည်းလာတာ ၅ နှစ်ပြည့်တော့မှာဖြစ်တဲ့အတွက် ရှေ့ဆက် အခြေခိုင်ပြီး ဆက်လက်ရပ်တည်သွားနိုင်အောင် သျှမ်းပြည်နဲ့အဝှမ်းကအမျိုးသမီးတွေ နဲ့လက်တွဲပြီးအမျိုးသမီးရေးရာ အတွက်လှုပ်ရှားသွားနိုင်အောင် ရည်ရွယ်ပါတယ် ”- ဟု SSWO မှ အမျိုးသမီးအရည်အချင်းမြှင့်တင်ရေး လုပ်ငန်းတွင် ဦးဆောင်ဦးရွက်ပြုနေသည့် ဆရာမ နန်းဟိန်းခမ်းက သျှမ်းသံတော်ဆင့်အား ပြောသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနေ့နှင့်ပတ်သက်ပြီး မိုင်းရှူးမြို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းကောင်ခမ်းက – အမျိုးသမီးအကြမ်းဖက်မှုပပျောက်အောင် မျိုးဆက်သစ် လူငယ်လေးတွေအပါအဝင် နေရာဒေသတိုင်းမှာ ဗဟုသုတပညာပေးလှုပ်ရှားမှုတွေပြုလုပ်သွားသင့်တယ်- ဟုမှတ်ချက်ပြုပြောဆိုသည်။

အဆိုပါအခမ်းအနားကို ညနေ ၃ နာရီမှ ၈ နာရီအထိ မျိုးဆက်သစ်ကျောင်းတွင်ကျင်းပရာ ကျောင်းသားလေး များနှင့် ထမင်းလက်ဆုံစားခြင်း၊ အမျိုးသမီးအကြမ်းဖက်မှုရပ်တန့်ရေးအထိမ်းအမှတ်တီရှပ်များပေးဝေခြင်း၊ သံစုံတီးဝိုင်းဖြင့် တီးခတ်ဖျော်ဖြေခြင်းများရှိကြောင်းသိရပါသည်။

အဆိုပါ အခမ်းအနားသို့ SSPP/SSA ဒုတိယ ဥက္ကဌ ၊ ဒုတိယ ဗိုလ်ချုပ်ကြီးခေးတိုင်း နှင့် အတူ ဗိုလ်ချုပ်ဆိုင်ဖှ ၊ ခေါင်းဆောင် ပိုင်းအချို့ နှင့် အမျိုးသမီးခေါင်းဆောင်များ၊ အမျိုးသမီးငယ်များ၊ လူငယ်ခေါင်းဆောင်များ၊ မျိုးဆက်သစ်ကျောင်းမှ ဆရာမ များစုစုပေါင်းလူဦးရေ ၁၀၀၀ ကျော်တက်ရောက်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article