Tuesday, April 16, 2024

ကွန်ဟိန်းမြို့နယ်အတွင်း အစိုးရတပ်မတော် နှင့် အပစ်ရပ်ထားသည့် RCSS တို့ တိုက်ပွဲဖြစ်

Must read

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် တောင်ကြီး – ကျိုင်းတုံ ကားလမ်းတောင်ဘက် ခြမ်းတွင် အစိုးရ တပ်မတော် နယ်မြေရှင်းလင်းရေး နယ်မြေစိုးမိုးရေး လုပ်ရာမှ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

၂၀၁၇ ခု နိုဝင်ဘာ ၁၉ ရက်နေ့ ညနေ ပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ပြောပြချက်အရ သိရ သည်။ “လူထုတော့ ဘာမှမဖြစ်ဘူး။ တပ်ဘက်လဲ လူထုကို ပြဿနာရှာတယ်လို့ မကြားမိဘူး။ သေနတ် သံတော့နှစ်ဘက်လုံးကြားရတယ်။ ၁၉ ရက်နေ့ ညနေ ပိုင်းက ဖြစ်တာ” – ဟု ဒေသခံ ရပ်မိရပ်ဖ တဦးက ပြောသည်။

ကွန်းမြို့နယ်တွင် တောင်ကြီး – ကျိုင်းတုံကားလမ်းတောင်ဘက်ခြမ်း အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင်များ အစဉ်သွားလာလှုပ်ရှားကြောင်း၊ အစိုးရတပ်မတော် စစ်ကြောင်း သွား ရောက်လှုပ်ရှားသည်ဟု သိရသော်လည်း မည်သည့်အဖွဲ့က မည်သူ့ကို ပစ်ခတ်သည် ဆိုတာ မသိရကြောင်း ကျားခေါင်းပါတီ ပြည်နယ် လွှတ်တော် အမှတ် ၂ မဲဆန္ဒနယ် စိုင်းအောင်ကျော်ဦးက သျှမ်းသံတော်ဆင့်သို့ ဤသို့ပြောသည်။

“ သေနတ်သံထွက်တာ ၁၅ မိနစ်လောက်ဘဲ ။ နမ့်ပါမန်း ရွာသားတွေကို ဝမ်တုံ ဘက်ပေးမသွားဘူး။ တပ်မတော်စစ်ကြောင်းဘက်က ဟန့်တားထားတာ။ ကာလိဘက်ဆို သွားလို့ရတယ်။ တိုက်ပွဲ တော့တကယ်ဖြစ်ပွါးခဲ့တယ်လို့ ကြားရပါတယ်။ RCSS/SSA ဘက်ကတော့ သူတို့ ဘက်ကနေ တပ်မတော်စစ်ကြောင်းကို ပစ်ခတ်တာမရှိဘူးလို့ ပြောတယ် ” – ဟု စိုင်းအောင်ကျော်ဦး ကပြောသည်။

နှစ်ဘက်တိုက်ပွဲ အမှန်တကယ်ဖြစ်ပွားကြောင်း ကွန်ဟိန်းဗျူဟာကုန်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုသော် လည်း တိုက်ပွဲနှင့်ပတ်သက်သည့်သတင်းမေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေကြားပေး ခြင်းမရှိပေ။

အဆိုပါဒေသဘက်တွင် နိုဝင်ဘာ လဆန်းပိုင်းမှစ၍ ယနေ့အထိ ကျိုင်းတောင်းအခြေစိုက် ခမရ ၅၆၉ နှင့် တာကော် ဟိုတန့်အခြေစိုက် ခလရ ၂၉၆ တို့ပူးပေါင်း လှုပ်ရှားကာနယ်မြေစိုးမိုးရေး၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိနေသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲမှာ သစ်ထုတ်လုပ်ရေးနှင့်ပတ်သက်ပြီး ဖြစ်ပွါးသည့်တိုက်ပွဲဟု ပြောဆိုကြသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက်မရရှိပေ။

Leave a Comments

- Advertisement -spot_img

Latest article