Wednesday, April 24, 2024

ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် ဒေါ်အောင်ဆန်းစုကြည်ရက်ပိုင်းအတွင်းတွေ့ဆုံဖွယ်ရှိ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဘာအထောက်ကူဖြစ်စေမှာလဲ

Must read

နိုင်ငံတော် အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားချက်အရ မကြာခင် ရက်ပိုင်း အတွင်းမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ် ချုပ်ကြီး ယွက်စစ်က နေပြည်တော်မှာ သွားရောက်တွေ့ဆုံတော့မှာဖြစ်ပါတယ်။ ဒေါ်ဆောင်ဆန်း စုကြည်နှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တွေ့ဆုံရင် ဘာတွေ ဆွေးနွေးကြမှာလဲ။ ရှေ့တလှမ်းသွား နောက်နှစ်လှမ်းဆုတ် အလုပ်သိပ်မဖြစ်လှတဲ့ NCA အတွက် ဘာအထောက်အကူ ဖြစ်စေမှာလဲ။

လေ့လာသုံးသပ်သူများ ပြောကြားချက်အရ ဆွေးနွေးနိုင်မယ့်အကြောင်းအရာတွေက – ထပ်မံ ကျင်းပမဲ့ တတိယ အကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကိစ္စ၊ RCSS/SSA တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် NCA အပေါ် ချိုးဖေါက်မှုတွေပြုနေတယ်လို့ တပ်မတော် မှ စွပ်စွဲထားတဲ့ကိစ္စ၊ ဘယ်တော့မှာ ခွဲမထွက် ပါဘူးဆိုတဲ့ကိစ္စ ၊ သျှမ်းပြည်မြို့တော် တောင်ကြီးမှာ သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မပြုတဲ့ ကိစ္စ စတာတွေ ဆွေးနွေးကြလိမ့်မယ် လို့ ဆိုပါတယ်။

တတိယ အကြိမ် ၂၁ ရာစုပင်လုံညီလာခံ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ဟာ ပြီးခဲ့တဲ့ နှစ် ဩဂုတ်လ က ပထမ အကြိမ်ကျင်းပပြီး တာနဲ့ ၆ လ အတွင်း ဒုတိယ အကြိမ် ကျင်းပရမှာဖြစ်ပါတယ်။ သို့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ၆ လ အတွင်း မကျင်းပ နိုင်ဘဲ ၉ လကြာမှ ပြုလုပ်ခဲ့ပါတယ်။ ထို့အတူ လာ မည့် တတိယ အကြိမ်လဲ ဒုတိယ အကြိမ် အပြီး ၆ လ အတွင်း ပြုဖို့ ရှိနေပါတယ်။

အသုံးစရိတ်ကြီး၊ လူပင်ပမ်း၊ out coming သိပ်မကောင်း တဲ့အတွက် ၂၁ ရာစု ပင်လုံညီလာခံ တတိယ အကြိမ် က နောက်ဆုံးအကြိမ်အဖြစ် ကျင်းပ မယ်ဆိုတဲ့သတင်းလဲ ထွက်နေပါတယ်။ ဒီတော့ တတိယ အကြိမ်မှာ ရလာဒ်ကောင်းကောင်းထွက်ဖို့ နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လုံးပမ်း နေတာပါ။

၂၁ ရာစု ပင်လုံ သဘောတူညီချက် က ၁၉၄၇ ပင်လုံ စာချုပ်ကို အစားထိုးနိုင်မလား

ဒုတိယ အကြိမ် ပင်လုံညီလာခံလို့ အိမ်အကျယ်ချုပ် ချုပ်နှောင်ခံထား ရစဉ် ၂၀၁၀ ခု က ဒေါ်အောင်ဆန်းစုကြည် စတင်သုံးနှုန်းကတည်းက ဗမာမဟုတ်တဲ့ လူမျိုးစုတွေကို အထူး ဖမ်းစားနိုင် စွမ်းရှိတဲ့အတွက် တိုင်းရင်းသားတွေ အထူးမျှော်လင့်ခဲ့ပါတယ်။ ၂၀၁၂ ခု ကြား ဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ ပါတီက တောင်ပြို ကမ်းပြို အနိုင်ရပြီး တနှစ်ကျော်ကျော်လောက်မှာဘဲ ၂၁ ရာစု ပင်လုံညီလာခံကို အမှန် တကယ် စတင် ကျင်းပလာခဲ့ပါတယ်။

ယခု ၂၀၁၇ ပြည်ထောင်စုနေ့မှာလဲ ပြည်ထောင်စု ပဋိသန္ဓေတည်ရာ ပင်လုံမြို့ကို ဒေါ်အောင်ဆန်း စုကြည် ရောက်ရှိလာပြီး ငြိမ်းချမ်းရေး စကားတွေ ပြောကြားခဲ့ပါတယ်။ သို့သော် ပြောဆိုသုံးသပ် မှုတွေက ၁၉၄၇ ခု ဗိုလ်ချုပ်ဆောင်ဆန်း နဲ့ တိုင်းရင်းသားခေါင်းဆောင် တွေ ချုပ်ခဲ့တဲ့ ပင်လုံစာချုပ် ကို ပြန်လည်ဖေါ်ထုတ်ပေးဖို့ အလားအလာမမြင်ရတဲ့အပြင် တကယ့်ပင်လုံရဲ့ အနှစ်သာရ နဲ့လဲ ကင်းကွာ နေတယ် လို့ တိုင်းရင်းသားတွေဘက်က ဝေဖန်ပါတယ်။

တိုင်းရင်းသား ဒီမိုကရေစီအင်အားစုမှာ ဩဇာကြီးမားတဲ့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် က ၁၉၄၇ ပင်လုံစာချုပ် ပါ ကတိကဝတ်အတိုင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည် ဆောက်သွားမယ်၊ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့၊ သျှမ်းနိုင်ငံရေးပါတီတွေ ပါဝင်ဖွဲ့စည်းထား တဲ့ သျှမ်း ပြည်ညီညွှတ်ရေးကော်မတီကလည်း ၁၉၄၇ ပင်လုံစာချုပ် ကို ပြန်လည်ဖေါ် ဆောင်သွားကြိုးပမ်း သွားမယ်လို့ ဆုံးဖြတ်ထားတာတွေရှိပါတယ်။

UWSA ၀ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တော့ NCA သဘောတူညီချက်ဟာ ပင်လုံစာချုပ် ကွယ်ပျောက်သွားအောင် အစားထိုးနေရာယူလာမှာဖြစ်တဲ့ လက်မခံနိုင်ဘူးလို့ ပြောပြီး NCA ပြင်ပ လမ်းကြောင်းကနေ သွားမယ်လို့ ပြောကြားထားပါတယ်။

ဒီတော့ ၁၉၄၇ ပင်လုံကို သွေဖီတဲ့ မည်သည့်လမ်းကြောင်းက မှ တိုင်းပြည်ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်နိုင်ဘူး ဆိုတာ သေခြာနေပါတယ်။ အစိုးရ ဖြစ်စေ၊ တပ်မတော် ဖြစ်စေ ၁၉၄၇ ပင်လုံစာချုပ်ပါ သဘောတူညီချက်ကို ပြန်လည်အကောင်မထည်ဖေါ် တဲ့နေရာမှာ မပါဝင်ဘဲ အမည်ခံပင်လုံ နဲ့သွားမယ်ဆိုရင်တော့ ပြည်တွင်းစစ် ထပ်ဖြစ်နေမှာ မလွဲပါ။

RCSS/SSA က တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို ချိုးဖေါက်နေပါသလား

သျှမ်းပြည်တပ်မတော် RCSS/SSA က တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို ချိုးဖေါက်နေတယ်။ ဒါ့ကြောင့် NCA လက်မှတ်ထိုးအဖွဲ့များကနေ ထုတ်ပါယ်ပေးဖို့ တပ်မတော် အကြီးအကဲ က ဒေါ်အောင်ဆန်းစု ကြည် အစိုးရကို ဖိအားပေးနေတယ် ဆိုတဲ့ သတင်းတွေ၊ RCSS/SSA က တနိုင်ငံလုံးအပစ်ရပ်စာ ချုပ် ကို ချိုးဖေါက်လို့ တပ်မတော်မှ တိုက်ခိုက်ရှင်းလင်းနေတာတွေ၊ RCSS/SSA နဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ ကျေးလက်လူထု ကို ဖမ်းဆီးအကျဉ်းချတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ စက်တင်ဘာ ၈ နေ့ မှာ ဖမ်းဆီးထားတဲ့သူတွေထဲက သူ ၈ ယောက်ကို ဟိုပုံးမြို့မှာ ရုံးထုတ်စစ်ဆေးမှုတွေ ပြုလုပ်ပါမယ်လို့ လဲ သိရပါတယ်။

RCSS/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်းကတော့ ဖွဲ့စည်းထားတဲ့ အပစ်အခတ် ပူးတွဲစောင့်ကြည့်ရေးကော်မတီ အပြင် အမှားအမှန် ဝိုင်းဝန်းစိစစ်ပေးဖို့ တတိယ အဖွဲ့ လိုအပ်တယ်လို့ သျှမ်းသံတော်ဆင့် သတင်းမှာ တွေ့ရပါတယ်။ ဆိုလိုတာက JMC , JMC-S မှာ တပ်မတော် က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေထက် ပိုမိုအခွင့်အာဏာ ရှိနေတယ်ဆိုတာပါဘဲ။

ငြိမ်းချမ်းရေးဆိုတာ ဆွေးနွေးညှိနှိုင်းဖို့ဖြစ်ပါတယ်။ လက်နက်အားကိုးနဲ့ ဘယ်တော့မှ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ပါဘူး။

သျှမ်းပြည်တပ်မတော် RCSS/SSA ဟာ အစိုးရ နဲ့ ငြိမ်းချမ်းရေးမတည်ဆောက်ခင်၊ သျှမ်းပြည်မြို့နယ် အတော်များများမှာ တပ်မတော် နဲ့ တိုက်ပွဲ ဖြစ်ခဲ့ဖူးပါတယ်။ NCA လက်မှတ်မထိုးမှီ ၂၀၁၃ မေလ က ရွှေလီမြစ်ဝှမ်း မှာ တိုက်ပွဲအကြီးအကျယ် ဆင်နွဲခဲ့ပါတယ်။

“ နယ်မြေသတ်မှတ်တာ NCA မှာ မရှိသေးဘူး။ ကျနော်တို့တွေ ငြိမ်းချမ်းရေး စယူတုန်းက ကျနော်တို့ ရှိနေတဲ့ နေရာမှာ ကျနော်တို့ထပ်ရှိနေမယ်။ လမ်းမ ကနေ ကိုက် ၅၀ ကျော် လွန်ပြီး အစိုးရ စစ်ကြောင်း မတိုးလာဖို့၊ မုန်းထ နဲ့ ဟိုမိန်း မှာ ကျနော်တို့ ဌာနချုပ်အဖြစ် ထားရှိဖို့ သဘောတူ ထားကြတယ်။ ဒါကို တပ်မတော်က အဓိပ္ပါယ်တမျိုးကောက်ပြီး ကျနော်တို့တွေ မုန်းထား မှာဘဲ နေရမယ်။ တခြားနေရာ ကျနော်တို့တပ်တွေ မရှိစေရဘူး လို့ ပြောတယ်။ ” – ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ က သျှမ်းသံတော် ဆင့် သတင်းမှာ ပြောကြားတာတွေ တွေ့ရပါတယ်။

ခွဲထွက်ရေး၊ မထွက်ရေး ကိစ္စ

တိုင်းရင်းသားပြည်နယ်တွေ ခွဲထွက်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ အခွင့်အရေးကို ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံမှာနှုတ်နဲ့ သဘောတူပြီး ၁၉၄၇ မှာ ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိပါတယ်။ အဲဒီမှာက မြေပြန့်ဗမာတွေနဲ့ ပူးပေါင်းနေထိုင်ပြီး ၁၀ နှစ်ပြည့်လို့မှ သဘောဆန္ဒအတိုင်း မဖြစ်ရင် ခွဲထွက်ပိုင်ခွင့် ရှိတယ်လို့ ထည့်သွင်းရေးထားပါတယ်။

လက်ရှိအခြေအနေမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလက်ရှိ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တပ်မတော်ရဲ့ သဘောထား အတိုင်း တိုင်းရင်းသားတွေ ဘယ်တော့မှ ခွဲမထွက်ရဘူးဆိုတဲ့ ဝန်ခံကတိ လက်မှတ်ထိုး ဖို့ ပြုလုပ်နေတာပါ။

ပြီးခဲ့တဲ့ မေလ က ကျင်းပတဲ့ ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေ အနေ နဲ့ ပြည်ထောင်စုကြီးကနေ ဘယ်တော့မှ ခွဲမထွက်ပါဘူး ဆိုတဲ့ အချက်ပါ စာချုပ် ချုပ်ဆိုဖို့ ဒေါ်အောင် ဆန်းစုကြည်အစိုးရ နဲ့ တပ်မတော်တို့ ဝိုင်းပြီး ဖိအားပေးကြပါတယ်။ ဒါကို တိုင်းရင်းသားတွေ ဘက်က လက်မခံဘဲ အကြီးအကျယ်ကန့်ကွက်ကြလို့ ဒီကိစ္စ ထပ်မံဆွေးနွေးဖို့ အချိန်ရွှေ့ဆိုင်းလိုက်ရပါတယ်။ လာမယ့် ညီလာခံမှာတော့ မလွဲမသွေ ကြုံတွေ့ရမှာသေခြာပါတယ်။ ဒီကိစ္စ ထောက်ခံသူများလာဖို့ တပ်မတော် ဘက်ကကော အစိုးရဘက်ကကော အမျိုးမျိုး ကြိုးစားနေတယ်လို့ ကြားသိရပါတယ်။

ခွဲထွက်ရေး မခွဲထွက်ရေးနဲ့ ဆက်ဆပ်နေတဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ

ခွဲထွက်ရေး မခွဲထွက်ရေး က ဘာဖြစ်လို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ နဲ့ ဆက်စပ်နေပါသလဲ။ အကြောင်းမှာ သျှမ်းပြည်နယ် ပြည်နယ်အဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်စဉ်က သျှမ်းပြည်တွင်းနေ တိုင်းရင်းသားလူမျိုးစု တခုက ပြည်နယ်သစ်ရရှိရေးအတွက် ပြည်ထောင်စု တည်ဆောက်ရာမှာ ပြည်နယ် တွေက ပြည်ထောင်စုကြီးကနေ ဘယ်တော့မှ ခွဲမထွက်ပါဘူး ဆိုတဲ့ အချက် တင်သွင်းခဲ့ပါ တယ်။ ဒီတင်သွင်းချက်ကို နေပြည်တော် ဒုတိယအကြိမ် ပင်လုံညီလာခံ အထိ ရောက်ရှိသွားပြီး သဘောတူညီချက် စာချုပ်မှာ လက်မှတ်ရေးထိုး ဖြစ်လာတာဖြစ်တယ်လို့ ကြားသိရ ပါတယ်။ တိုင်းရင်းသားတွေ ဝိုင်းဝန်းကန့်ကွက်လို့ ဒုတိယ အကြိမ်မှာ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ ပေမယ့် တတိယအကြိမ် ပင်လုံညီလာခံမှာ လက်မှတ်ထိုးဖြစ်နိုင်အောင် ပြည်နယ်အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြင်ဆင်နေတဲ့ ပြည်နယ် ၅ ခုမှာ အဆိုပါ ‘ဘယ်တော့မှ ခွဲမထွက်ပါဘူး’ ဆိုတဲ့ အချက် ပါဝင်လာဖို့ ပြင်ဆင်နေမှုတွေ ရှိနေတယ်လို့ လဲ ကြားနေရပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက ချင်းပြည်နယ် ချင်းလူမျိုးစုတွေက ပဲ ပြည်နယ်အဆင့် ကျင်းပပြီးစီးပြီးတာပါ။ သျှမ်းပြည်နယ် အနေနဲ့ ကျင်းပ ပြီးစီးပြီဆိုပေမယ့် ပြည်နယ်အမည်ပေါက် သျှမ်း လူမျိုးတွေက ကျင်းပ နိုင်ခြင်းမရှိသေးပါဘူး။

ဘာ့ကြောင့် သျှမ်းလူမျိုးတွေကို တောင်ကြီးမြို့မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရပါသလဲ

သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ဖို့ ပြင်ဆင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၁၇ ခု ယခုနှစ်ဦးပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ပြင်ဆင်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ လူဦးရေ ၅၀၀ ကျော် နဲ့ ဒေသအသီးသီးက ကိုယ်စားလှယ်တွေ စုံစုံညီညီ တက်ရောက်ခဲ့ပါတယ်။ အဲဒီ စည်စည်ကားကား ကျင်း ပတဲ့ အလုပ်ရုံဆွေးနွေးပွဲကို မြင်တော့ တပ်မတော်က စိုးရိမ်မှု အထူးလွန်ကဲသွားပုံရပါတယ်။

ဒါ့ကြောင့် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ဖို့ တောင်ကြီးမှာ ပြန်လည်ပြင်ဆင်ရာမှာ တပ်မတော်က လုံး၀ သဘောမတူဘဲ အကြီးအကျယ်ကန့်ကွက်ပါတော့တယ်။ ၎င်းတို့ကိုယ်တိုင် ကန့်ကွက် တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကနေ လဲ ကန့်ကွက်ပေးဖို့ပါ ခိုင်းပါတယ်။ ဒါကြောင့် ဒေါ် ဆောင်ဆန်းစုကြည်က တပ်မတော်သဘောတူညီချက်ပေးတဲ့အတိုင်း မိုင်းတော့ မိုင်းထား သို့မဟုတ် မိုင်းပန် မှာ ပြုလုပ်သွားပါလို့ ပြောပါတယ်။

သျှမ်းခေါင်းဆောင်တွေကတော့ သျှမ်းပြည်မြို့တော် တောင်ကြီးမှာ ပြုလုပ်ခွင့်မရ ရင် ပင်လုံမြို့မှာ လုပ်ချင်ဈေးစစ်ပေမယ့် တပ်မတော်က သဘောမတူပါဘူး။

နောက်ဆုံးကြားသိရတဲ့သတင်းအချက်အလက်အရ တပ်မတော်က မိုင်းပန်မြို့ကနေ ခရိုင်မြို့ဖြစ်တဲ့ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့မှာ ပြုလုပ်ဖို့ သဘောတူတယ်လို့ဆိုပါတယ်။ သို့ပေမယ့် သျှမ်းခေါင်း ဆောင်အများစုကတော့ လက်ခံတဲ့ပုံမပေါ်ပါဘူး။ အနည်းဆုံး ပထမ မြို့တော် တောင်ကြီး သို့မဟုတ် ပြည်ထောင်စုသမိုင်းဝင်ပင်လုံမြို့၊ သို့မဟုတ် ဒုတိယ မြို့တော်ဖြစ်တဲ့ လားရှိုးမြို့ မဟုတ်ရင် တောင်မှ တတိယမြို့တော်ဖြစ်တဲ့ သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ မှာ ကျင်းပဖို့ ဆန္ဒရှိနေပါတယ်။

သို့သော် အစိုးရ အပါ အဝင် တပ်မတော်က လမ်းပမ်းဆက်သွယ်ရေး၊ တည်းခိုနေရာချထားရေး ၊ အစည်းအဝေးကျင်းပရေး အဆင်မပြေနိုင်တဲ့ မြို့တွေမှာ သွားရောက်ကျင်းပဖို့ ဖိအား ဆက်ပေးနေ မယ် ဆိုရင် သျှမ်းတွေရဲ့ သဘောထားကောင်းလွန်းတဲ့ သီးခံတတ်တဲ့ရွှေစိတ် ဆက်ရှိနေမှာမဟုတ်တော့ဘဲ ငြိမ်းချမ်း စွာနဲ့ ပြည်ထောင်စုကြီး ဝိုင်းဝန်းတည်ဆောက်ဖို့ အဟန့်အတားကြီးက တပ်မတော် နဲ့ အစိုးရ က ဘဲ အဓိက တရားခံကြီး ဖြစ်သွားမှာဖြစ်ပါတယ်။

အချုပ်

အချုပ်အားဖြင့် တင်ပြရမယ်ဆိုရင် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးသာယာတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်တဲ့နေရာမှာ မိမိအမျိုးသားအတွက် နိုင်ငံရေးအမြတ်ထုတ် နေမယ်ဆိုရင် အနောက်မီးရန်၊ အရှေ့မီးရန်ကို ဘယ်သောအခါမျှ လက်တွဲ ကာကွယ်နိုင်မှာမဟုတ်ဘဲ ပြည်တွင်းစစ်မီးဆက်လက်တောက်လောင်ပြီး မွဲသေတဲ့ဘ၀ကနေ လူထုရုံးထွက်နိုင်မှာမဟုတ်ပါဘူး။ ဖြူစင်တဲ့ စိတ်ထားကို ရှေ့တန်းတင်ပြီး ရဲရဲဝံ့ဝံ့ လက်တွဲဝန်းရံကာ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ကြပါစေလို့ဆုတောင်းရင်း။

ခွန်ဆန်မူး
စက်တင်ဘာလ ၇ ရက် ၂၀၁၇

Leave a Comments

- Advertisement -spot_img

Latest article