ရွှေတူးဖော်မှုကြောင့် နားဟိုင်းလုံ ပျောက်ကွယ်တော့မလား

0
စက်တင်ဘာလ ၂ ရက်နေ့က ချောင်းရေလျှံမှုကြောင့်နားဟိုင်းလုံရွာထဲ ရေနှင့်အတူ သဲနှုန်းများဝင်ထားပုံ

သျှမ်းပြည်နယ်လို့ ပြောဆိုလိုက်ရင် လူတွေရဲ့ မျက်လုံးတွေမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ အေးချမ်းတဲ့ တောင်ပေါ် ဒေသလို့ လှမ်းမြင် ခံစားကြပါမယ်။

ဒါပေမယ့် သျှမ်းပြည်နယ် အရှေ့ပိုင်း ဒေသမှာတော့ တချိန် တခါ က သစ်တောတွေ အုံ့ဆိုင်းပေမယ့် အခု အခါ မှာတော့ သတ္တု တူးဖော်ရေးတွေ အပြိုင်အဆိုင် တူးဖော်နေတဲ့အတွက် တောင်တွေ ကတော့ ကတုံး တွေလိုပါပဲ။

သတ္တု တူးဖော်မှုကြောင့် သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် နားဟိုင်းလုံ ကျေးရွာ ကတော့ ပြောင်းရွှေ့ ရမယ့် အနေအထား ရောက်နေပြီးလို့ နားဟိုင်းလုံ ကျေးရွာ ဒေသခံတွေက ပြောဆိုလိုက်ပါတယ်။

နားဟိုင်းလုံရွာအထက်ပိုင်း ရေထွက်ဦးတွင်ရွှေတူးဖော်ရေးစီမံကိန်းကြောင့် တောတောင်များပျက်စီးပြုန်းတီးနေပုံ

နားဟိုင်းလုံ ကျေးရွာ က ထိုင်း လားအိုး နိုင်ငံ အနီးတွင် တည်ရှိတဲ့ သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် တာလေ မြို့နယ် မိုင်းလင်းကျေးရွာ အုပ်စု ဝင် ဖြစ်ပါတယ်။

လက်ရှိ နားဟိုင်းလုံ ကျေးရွာ အခြေအနေ

ယခုရက်ပိုင်း မိုးတွေ ဆက်တိုက်ရွာသွန်းတဲ့အတွက် ရွှေတူးဖော်တဲ့ တောင်ပေါ်မှ ရေတွေ ညသန်းခေါင်ချိန်မှာ ရုတ်တရက် ကျဆင်းလာတဲ့အတွက် နမ့်ခမ်းချောင်း ရေလျှံပြီး နားဟိုင်းလုံ ကို ရေလွှမ်းမိုး သွားပါတယ် ။

နားဟိုင်းလုံ အနီးပတ်ဝန်းကျင်တွေမှာ စက်ယန္တာရားကြီးတွေနဲ့ ရွှေတူးဖော်နေကြသလိုတောင်ကျချောင်းရေ တွေ ပိတ်ပြီးတော့ လည်း ရွှေတွေ ကျင်နေကြတဲ့အတွက် နားဟိုင်းလုံး ကျေးရွာ အတွင်း စီးဆင်းနေတဲ့ နမ့်ခမ်းချောင်း ကတော့ နုန်းတွေ အပြည့်နဲ့ ပျောက်ကွယ် စပြုနေပါပြီ။

“စက်တင်ဘာ ၃ရက်နေ့ က ည သန်းခေါင်မှာ နမ့်ခမ်းချောင်း က တွေ မြင့်တက်လာပြီး ကျမတို့အိမ်ထဲ ရေဝင်ပါတယ်။ နမ့်ခမ်းချောင်း ဘေးက အိမ်ခြေ ၂၀ ကျော် ရေဝင်ပါတ” လို့ နားဟိုင်းလုံဒေသ သားဖွားဆရာမ ဒေါ်နန်းလာ က ပြောပါတယ်။

နားဟိုင်းလုံ ဒေသခံတွေ အားထားတဲ့ နမ့်ခမ်းချောင်းကတော့ ပျောက်ကွယ်နေပြီ၊ နုန်းတွေပဲ ရှိတော့ကြောင်း လည်း နန်းလာ ကတော့ ဆိုုပါတယ်။

“ နမ့်ခမ်းချောင်းက ဘေးမှာနေတဲ့ သူတွေ အတွက်တော့ အန္တရာယ် အရမ်းများတယ်။ မိုးရွာရင် အိပ်မပျော်ဘူး။ တောင်ကျချောင်းရေတွေ ကြောင့် အိမ်တွေ ထဲ ရေရုတ်တရက် ဝင်မှာ ကို စိုးရိမ်နေရတယ်” လို့ လည်း ဆရာမ နန်းလာ က ပြောပါတယ်။

နားဟိုင်းလုံရွာအထက်ပိုင်း ရေထွက်ဦးတွင်ရွှေတူးဖော်ရေးစီမံကိန်းကြောင့် တောတောင်များပျက်စီးပြုန်းတီးနေပုံ

ရွှေတူးဖော်မှုနဲ့ ပတ်သတ်ပြီး လက်ရှိ အစိုးရ အနေနဲ့ လာရောက် ကြည့်ရှု့မှု မရှိကြောင်းလည်း ဒေသခံတွေ ကပြောပါတယ်။

နားဟိုင်းလုံ ဒေသ မှာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနစ် က စပြီး ရွှေတူးဖော်မှု တွေ ဝင်ရောက်လာပြီး ရွှေတူးဖော်ကြတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ မြစ်ချောင်းတိမ်ကောမှုတွေ လယ်ယာ ပေါင်းများစွာ ပျက်စီးမှုတွေစတင်ဖြစ်ပွားခဲ့ပါတယ်လို့ဒေသခံတွေ က ပြောကြပါတယ်။

“ ဒီရက်ပိုင်းမှာ မိုးတွေ အရမ်း ရွာတော့ နမ့်ခမ်းချောင်းက နုန်းတွေ မြင့်တက်လာတာနဲ့အတူ ရွာဝင် တံတားတွေ ပျက်၊ တိရစ္ဆာန်တွေ သေတယ်။ အိမ်တွေ လည်း ရေဝင်တယ်” လို့ နားဟိုင်းလုံ ဒေသခံ စိုင်းလျိုးက ပြောပါတယ်။

ရွာပြောင်းရတော့မယ့် အလားအလာတွေ ရှိပါတယ်လို့လည်း စိုင်းလျိုးက ဆိုပြန်ပါတယ်။

ပျက်စီး ဆုံးရှုံးမှု နဲ့ရွာ အခြေအနေ ကို အုပ်ချုပ်ရေးမှူး မှ စာရင်းလာကောက်သွားကြောင်းလည်း ဒေသခံတွေ ကပြောပြပါတယ်။

အဲ့ဒီဒေသ မှာ ရွှေတူးဖော်မှုကြောင့် လယ်ယာမြေ ဧက ၃၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း လည်း မြန်မာ နိုင်ငံ တောင်သူလယ်သမား များကွန်ရက် ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

နားဟိုင်းလုံ ကျေးရွာ ပတ်ဝန်းကျင် မှာ ရွှေတူးဖော်နေတဲ့ ကုမ္ပဏီ ၂၀ကျော် ရှိပြီး ကျေးရွာတွေကို တရားဝင် လျော်ကြေးငွေ ပေးနေတာကတော့ ကုမ္ပဏီ ၉ ခု သာ ရှိကြောင်း ၊ တရားမဝင် ခိုးတူးနေတဲ့ အဖွဲ့တွေလည်း ရှိတယ်လို့ နားဟိုင်းလုံ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် နားဟိုင်းလုံ ကျေးရွာ မှာ အဓိက တူးနေတဲ့ ကုမ္ပဏီ တွေက စိုင်းတစ် ၊ စိုင်းစိုက်ပျိုးရေး၊ လွမ်းခမ်းလုံ၊ ရွှေသျှမ်းမင်း ကုမ္ပဏီ တွေ ဖြစ်တယ်လို့ သျှမ်းပြည်နယ် အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင် အသင်း က ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး ရွှေတူးဖော်မှု နဲ့ ပတ်သတ်ပြီးတော့ တောင်ကျ ချောင်း ရေ တွေ က နမ့်ခမ်းချောင်း ထဲကို မစီးဆင်းတော့ဘဲ ရွှေတူးဖော်ရာ မှာ အသုံးပြုတဲ့ ဓာတုပစ္စည်း တွေ ချောင်းထဲ ကို စွန့်ပစ် ချမှုတွေ ကြောင့် ငါးတွေ သေဆုံးတာ၊ လယ်ယာတွေ ပျက်စီးတာ ဖြစ်တယ်လို့လည်း ဒေသခံ တွေ က ဆိုကြပါတယ်။

ရွှေတူးဖော်မှုကြောင့် နမ့်ခမ်းချောင်း တွင်း နုန်းများကိုလည်း နှစ်စဉ် စက်ယန္တာရားကြီးတွေ နဲ့ ဆယ်ယူမှုတွေ ပြုလုပ်နေကြောင်း၊ စိုက်ပျိုးလို့ မရတဲ့လယ်ယာ ၃၀၀ ကျော်ကိုလည်းနှစ်စဉ် လျော်ကြေးငွေ ဘတ် သိန်း ၄၀ကို ရွှေသတ္တု တူးဖော်ရေး လုပ်ငန်း ရှင် တွေက ပေးဆောင်နေပါတယ်လို့လည်း သတ္တုလုပ်ငန်းရှင် အသင်း မှ တာဝန်ရှိ သူတွေက ပြောပါတယ်။

“ လက်ရှိမှာ ကျနော်တို့ပျက်စီး တာတွေ ပြုပြင်ပေးဖို့ လုပ်နေပါတယ်” သတ္တုလုပ်ငန်းစဉ် အသင်း မှ တာဝန်ရှိသူ က ပြောပါတယ်။

ရွှေတူးဖော်တဲ့နေရာမှာ ရွှေရလိုမှု များတဲ့ အတွက် ဆိုက်ယာနိုက်ဆေးရည် ကို အလွန်အကျွံ သုံးစွဲပြီ ရွှေထုတ်ယူကြ တယ်လို့သတ္တုတွင်း ဦးစီးဌာန ဒုညွှန်ကြားရေးမှူး (ငြိမ်း) ဦးစိန်မြင့် က ပြောပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့က ချောင်းရေလျှံမှုကြောင့်နားဟိုင်းလုံရွာထဲ ရေနှင့်အတူ သဲနှုန်းများဝင်ထားပုံ

“ ရွှေတူးဖော် တဲ့အခါမှာ ရွှေလုပ်ငန်းတွေ မှာ ဘယ်လို ဓာတုပစ္စည်းတွေ အသုံးပြုလဲ။ ဘယ်လို စွန့်ပစ်နေလဲ ဆိုတာ သက်ဆိုင်ရာ က စုံစမ်းသင့်ပါတယ်” လို့ ဦးစိန်မြင့် က ဆိုပါတယ်။

ဆိုက်ယာနိုက် ဆေးရည် ကို မသုံးစွဲဖို့ အတွက် သတ္တုတွင်း ဦးစီးဌာန က ပိတ်ပင်ထားပေမယ့် ရွှေများများ ရလိုရင်တော့ ဆေးရည်ကို အလွန်အကျွံ သုံးကြကြောင်း၊ ပြီးတော့ ရွှေ ထုတ်ယူပြီး စည်းမဲ့ကမ်းမဲ့ စွန်ပစ်တာတွေ ကြောင့် ရေတွေ အဆိပ်သင့် နိုင်တယ်လို့ လည်း ဦးစိန်မြင့်က ပြောပြပါတယ်။

ရွှေတူးဖော်ရာမှ စွန့်ပစ် ပစ္စည်းတွေ ကို စနစ်တကျ မပစ် သလို ရွှေသန့်စင်ပြီး ထွက်လာတဲ့ အညစ်အကြေးတွေ ကြောင့် နမ့်ခမ်းချောင်းထဲသို့ ရောက်ရှိ ကာ ငါးတွေ သေဆုံးမှု ဖြစ်သလို နမ့်ခမ်းချောင်းမှာလည်း နုန်းတွေ တနှစ် ထက် တနှစ် ပိုများလာ တယ်လို့သိရပါတယ်။

ဆက်လက်ပြီး ဒေသခံ အမျိုးသား တဦး က “ နုန်းတွေ လာဆယ်ပေမယ့် မိုးရွာရင် တောင်ပေါ် ကနုန်းတွေ ပြန်ကျလာတယ် ဘာမှ မထူးဘူး။ ကျနော်တို့သောက်ရေကန်တွေ ရေညှိလိုလို စိမ်းနေတယ်။ သောက်လို့မရတော့ဘူး။ ရေသန့် ဝယ်သောက်နေရတယ်”လို့ နားဟိုင်းလုံ ကျေးရွာ အခြေအနေကို ပြောပြပါတယ်။

ရွှေတူးဖော်မှုကြောင့် သေဆုံးသွားတဲ့ ဒေသခံ တဦး

၂၀၁၅ ခုနစ် အောက်တိုဘာ လတုန်းက ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေ ကို ကြည့်ဖို့ သွားနေချိန်မှာ လွိုင်ခမ်းလုံ ကုမ္ပဏီ လုံခြုံရေး တာဝန်ယူ နေတဲ့ မိုင်းဖြတ် အခြေစိုက် တပ် က တပ်သားတွေ က လမ်းလျှောက်လာတဲ့ နားဟိုင်းလုံးရွာသားတွေကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ထိုပစ်ခတ်မှုကြောင့်လည်း အသက် ၅၀ကျော် စိုင်းဆမ် ကို သေဆုံးခဲ့ရပါတယ်။

နားဟိုင်းလုံ ဒေသခံ တောင်သူ စိုင်းဆမ် သေဆုံးမှု ဟာ ဒေသခံတွေ အတွက် ခြိမ်းခြောက်မှု ဖြစ်အောင် ပြုလုပ်ခဲ့တဲ့အတွက် ဦးစိုင်းဆမ် သေဆုံးပြီး နောက်ပိုင်းမှာတော့ ဒေသခံတွေ ရွှေတူးဖော်မှု ကို ကန့်ကွက်မှု မပြုတော့ ကြောင်းလည်း သိရပါတယ်။

လုံးစိုင်းဆမ် သေဆုံးမှု နဲ့ ပတ်သတ်ပြီး တာချီလိတ် ခရိုင် တရားမှာ အမှုဖွင့်ခဲ့ပေမယ့် အမှုနဲ့ ပတ်သတ်ပြီး လုံးစိုင်းဆမ် ရဲ့ မိသားစုဝင်တွေက တစုံတရာ မသိရှိခဲ့ရပေ။

“ အဖေ သေဆုံးတဲ့ အမှု က ပြီးသွားပြီလို့ ပြောတယ်။ ဘယ်လို ချခဲ့လဲ ဆိုတာတော့ ကျနော်တို့ လည်းမသိရဘူး။ အမှုကို ဘယ်လို ဖွင့်ခဲ့လဲ ကစ မသိရဘူး။ တရားရုံးက စစ်ဆေးတဲ့အခါလည်း ကျနော်တို့ ကိုခေါ် တာတွေ မရှိခဲ့ဘူး” လို့ လုံးစိုင်းဆမ် ရဲ့ သားဖြစ်သူ စိုင်းလျိုး က ဆိုပါတယ်။

ဆက်လက်ပြီး စိုင်းလျိုး က “ အမိန့်ချတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး တော့ သေနတ်ထိမှန်ပြီး သွေးလွန်သေဆုံးသွားတယ်လို့ပြောပြပါတယ်။ ဘယ်သူ က ပစ်တယ်ဆိုတာကတော့ မပြောပြဘူး ဗျ” လို့ ထပ်မံပြောပါတယ်။

လုံးစိုင်းဆမ် ၏ မိသားစုဝင်တွေကတော့ တောင်ယာလုပ်ကိုင်နေသူ ဖြစ်ပြီး၊ တရားရေးသဘောကို နားလည်မှု မရှိသလို မြန်မာ စကားကိုလည်း ရေရေလည်လည် ပြောဆိုနိုင်သည့် မိသားစု တွေ မဟုတ်ကြပေ။

နားဟိုင်းလုံ ကျေးရွာ ရွှေ့ပြောင်း နိုင်

နားဟိုင်းလုံ ကျေးရွာ ကလယ်ယာတွေကို အဓိက အားကိုး နေရတဲ့ ဒေသဖြစ်တဲ့ အတွက် လယ်ယာ ပြန်လုပ်နိုင်အောင် ရွှေတူးဖော်မှု ရပ်ဆိုင်းဖို့ ကန့်ကွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ဒေသ တခုဖြစ်ကြောင်းလည်း နားဟိုင်းလုံ ဒေသခံ တွေက ပြောပါတယ်။

ဒါ့အပြင် ရွှေတူးဖော်မှု ရပ်တန့်ရန် ကန့်ကွက်မှု မအောင်မြင်ရခြင်းမှာ ရွာ သားအချင်းချင်း စည်းလုံးမှု မရှိသလို ကုမ္ပဏီ တွေရဲ့ သွေးခွဲ တဲ့ လုပ်ရပ်တွေ ကြောင်း လည်း ပါဝင်တယ် လည်း ဒေသခံတွေက ဆိုပါတယ်။

ရွှေတူးဖော်မှု ကြောင့် နားဟိုင်းလုံ ကျေးရွာ က တနှစ်ထက် တနှစ် အခြေအနေ ပိုဆိုးရွားလာပြီး နမ့်ခမ်းချောင်းလည်း ပျောက်ကွယ်သွားတဲ့အတွက် ကျေးရွာ ရွှေ့ပြောင်းရမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“ ကျမတို့ ရွာက ပြောင်းရွှေ့ ရတော့မယ့် အနေအထားရောက်နေပါပြီ။ ဆက်နေမယ်ဆိုရင်တော့ ရွှေတူးဖော်တာတွေ လုံးဝ ရပ်မှ ရမယ်။ ဆက်တူးရင်တော့ ပြောင်းရမှာပါ” လို့ နန်းလာ က ပြောလိုက်ပါတယ်။

ဒေသခံတွေကတော့ စိုးရိမ်မှု တွေနဲ့ ပဲ နေထိုင်နေရပါတယ် လို့ နန်းလာ က ဆိုပြန်ပါတယ်။

လက်ရှိ သျှမ်းပြည်နယ် အရှေ့ပိုင်းမှာ ရွှေတူးဖော် ထုတ်လုပ်မှုကို ပြည်ထောင်စု အစိုးရ ကို အခွန်ပေးဆောင်နေတဲ့ ကုမ္ပဏီ ၄၀ ခန့်ရှိကြောင်း သိရပါတယ်။

ရွှေတူးဖော်မှု တွေ များနေတဲ့ သျှမ်းရှေ့ ပြည်သူတွေ ကတော့ ယခင်က စိမ်းစို တဲ့ တောတောင်တွေ မြစ်ချောင်းတွေ ကို ဒဏ္ဍာရီ ဆန်တဲ့ ပုံပြင် တပုဒ်လို ဖြစ်သွားမှာ ကို စိုးရိမ် နေကြပါတယ်။

(ဆောင်းပါးရှင်-နန်းဆိုင်နွမ်)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here